ရမ်းဗြဲအောက်စီဂျင်စက်ရုံတည်ဆောက်နေသည့်မြေနေရာ ကန့်ကွက်ခံရ

ရမ်းဗြဲအောက်စီဂျင်စက်ရုံတည်ဆောက်နေသည့်မြေနေရာ ကန့်ကွက်ခံရ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ အမှတ် (၆) ရပ်ကွက်တွင် အောက်စီဂျင်စက်ရုံ တည်ဆောက်နေသည့်မြေနေရာမှာ ကမန်လူမျိုးမိသားစုပိုင် မြေနေရာ ဖြစ်နေသဖြင့် ကန့်ကွက်ခံထားရသည်ဟု သတင်းရရှိသည်။

အဆိုပါမြေနေရာသည် ကမန်လူမျိုးဦးဘစံ ပိုင်ဆိုင်သော မြေနေရာဖြစ်ပြီး ၂၀၁၂ ခုနှစ်အထိ မျိုးရိုးစဥ်ဆက် နေထိုင်ခဲ့သောမြေနေရာဖြစ်ကြောင်း မြေပိုင်ရှင်၏ မိသားစုဝင်တစ်ဦးဖြစ်သူ ဦးဘစံ၏မြေးဒေါ်ညွန့်ညွန့်ခင်က ပြောသည်။

ဒေါ်ညွန့်ညွန့်ခင်က "အောက်ဆီဂျင်စက်ရုံဆောက်နေတယ်လို့ လူမှု ကွန်ယက်စာမျက်နာပေါ်မှာ တင်လာတယ်။ အဲဒီခါမှ ဒီမြေနေရာဟာ ကျွန်မတို့မြေနေရာမှန်းသိရတယ်။ အဲ့ဒီမြေက ကျွန်မတို့ အဖိုးပိုင်တာ။ မိသားစု အစဥ်အဆက်နေခဲ့တဲ့မြေနေရာပါ။ သူတို့ စက်ရုံဆောက်ဖို့ အကြောင်း ကြားတာလည်း မရှိဘူး။ ကျွန်မတို့တောင် ဖောင်ဒေးရှင်းချပြီးမှ သိတာပါ" ဟု နိရဉ္စရာသို့ ပြောသည်။

ထိုသို့ ဘိုးဘွားပိုင် မြေနေရာတွင် အောက်စီဂျင်စက်ရုံတည်ဆောက်နေသဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ တိုင်ကြားထားကြောင်း ၎င်းက ပြောကြားသည်။

"ကျွန်မ အကိုတို့ပိုင်တဲ့နေရာမှလည်း သူတို့ ဘောလုံးကွင်းလုပ်မယ်ဆိုပြီး လုပ်ခဲ့ကြသေးတယ်။ ကျွန်မတို့မရှိတဲ့နောက်ပိုင်း ကျွန်မတို့မြေနေရာတွေကို ဥပဒေမဲ့ရွေးပြီးတော့ လုပ်နေကြတယ်။ ပြန်ပြောလို့လည်းမရဘူး။ ကိုယ်နေရာကို ပြန်လိုချင်လို့ အမျိုးမျိုးလဲ တိုင်ကြားပြီးပါပြီ" ဒေါ်ညွန့်ညွန့်ခင်က ပြောသည်။

၄င်းတို့၏ ဘိုးဘွားပိုင်မြေနေရာတွင် အတင်းဓမ္မ ကျူးကျော်၍ အောက်စီဂျင်စက်ရုံ တည်ဆောက်မှုကို ဖြေရှင်းပေးရန် ULA/AA သို့ တိုင်ကြားထားကြောင်းလည်း ဒေါ်ညွန့်ညွန့်ခင်က ပြောသည်။

ရမ်းဗြဲ မြို့က အမည်မဖော်လိုသူတစ်ဦးကလည်း "အောက်စီဂျင်စက်ရုံက ဖောင်ဒေးရှင်းအထိပြီးနေပြီ။ အဲ့သည်မြေနေရာက အရင်ဝန်ကြီးဟောင်း တစ်ဦးက ပရဟိတအဖွဲ့တစ်ခုကို ပေးထားတာလို့ကြားတယ်။ နောက် အောက်စီဂျင်စက်ရုံတည်ဆောက်ဖို့ဆိုပြီး အဲ့ဒီမြေနေရာမှာ လုပ်ကြတာတွေ့တယ်။ အရင်ကလည်း ကမန်အိမ်မြေနေရာမှာ ဘောလုံးကွင်းတစ်ကွင်း လုပ်ဖို့ကြားသေးတယ်။ နောက်တော့ ကန့်ကွက်ကြလို့လားမသိဘူး ဘောလုံးကွင်းလုပ်တာကို မတွေ့ရဘူး" ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ရမ်းဗြဲမြို့၊ အမှတ် ၆ ရပ်ကွက်တွင် ကမန်လူမျိုးအိမ်ထောင်စု ၁၁၁ စု၊ လူဦးရေ ၄၀၀ ခန့်နေထိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဘာသာရေးပဋိပက္ခအတွင်း ကမန်လူမျိုးပိုင်အိမ်များ မီးရှို့ခံလိုက်ရပြီး ၎င်းတို့မှာ နေရပ်စွန့်ခွာခဲ့ကြရသည်ဟု သိရသည်။

အဆိုပါ ပဋိပက္ခနောက်ပိုင်း ရမ်းဗြဲမြို့မှ ကမန်လူမျိုးအများစုမှာ နေရာအသီးသီးသို့ ပြောင်းရွေ့သွားပြီး လက်ရှိအချိန်တွင် ရမ်းဗြဲမြို့၌ ကမန်လူမျိုးအနည်းငယ်သာရှိတော့ကြောင်း သိရသည်။

 
 

 

 

Most read this week

August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...