ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် ယခုလအတွင်း စစ်တပ်၊ ရဲ ပူးပေါင်း တပ်ဖွဲ့၏ လုံခြုံရေးတင်းကျပ်မှုနှင့်အတူ စစ်ဆေးမှုများပိုများပြားလာသည်ဟု ဒေသခံ ပြည်သူများက ပြောဆိုသည်။
ပုဏ္ဏားကျွန်းမြို့နယ် ရခိုင်အမျိုးသားပါတီ ဒု-ဥက္ကဋ္ဌ ဦးကျော်တင်က “သူတို့က နေ့လယ်ဖက်ရော ညဖက်တွေမှာလည်း ကင်းလှည့်ကြတယ်။ တစ်ခါတစ်လေ ကျရင် မြို့ထဲမှာ ဂိတ်ချပြီး စစ်ဆေးတာတွေ ရှိတယ်။ ခရီးသွားတွေကို ဆိုင်ကယ်ဘောက်တွေစစ်တယ်။ ဖုန်းတွေစစ်တယ်။ တပ်ရင်း ၅၅ဝ တပ်ကပါ။ စစ်တာကတပ်ကပါ။ မြို့ထဲကို ကင်းလှည့်ရင် တစ်ခါတလေ ရဲတွေပါတယ်။ ကားနဲ့ မြို့ပတ်ပြီး လှည့်တာလည်းရှိတယ်။ တစ်လနီးပါးလောက်ရှိနေပြီ။ လူတွေကတော့ အခုလို လုံခြုံရေးတိုးမြင့်ပြီး စစ်ဆေးမှုတွေရှိနေတာကို စိုးရိမ်နေကြတယ်” ဟုပြောသည်။
စစ်ဆေးမှု အများဆုံးနေရာမှာ ပုဏ္ဏားကျွန်း- ရသေ့တောင်ကားလမ်း ဖက်ကျစစ်ဆေးရေးဂိတ်၊ တောင်ဦးနှင့် လက်ဝဲစာတိုက်အနီးတို့တွင်ဖြစ်ပြီး လမ်းသွားလမ်းလားများ၏ ဆိုင်ကယ်ဘောက်များ၊ ဖုန်းများအား စစ်ဆေးခြင်းများပြုလုပ်ကြောင်း ဒေသခံများကပြောသည်။
ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ (၅၅ဝ) တပ်ရင်းမှ စစ်သားအင်အား ၂ဝ ခန့်ဖြင့် သြဂုတ်လ ၂၈ ရက်နေ့ ညနေပိုင်းကလည်း ရသေ့တောင်မြို့ဖက်မှလာသည့် ဆိုင်ကယ်များအားလုံးကို ရပ်ခိုင်းပြီး စစ်ဆေးခဲ့ကြောင်း ဒေသခံမျက်မြင်တစ်ဦးက ပြောသည်။
“ဦးလေးတို့ရှေ့တင်စစ်တာတွေ့ပါတယ်။ ပုဏ္ဏားကျွန်းကလာတဲ့ ဆိုင်ကယ် တွေကိုမစစ်ပဲ ရသေ့တောင်ဘက်ကလာတဲ့ ဆိုင်ကယ်တွေကို စစ်တာပါ။ ဖုန်းတွေလည်း ဖွင့်ခိုင်းတယ်။ နေ့တိုင်း စစ်တာတော့ မဟုတ်ဘူး။ ရက်ခြားလောက်ပါ” ဟုပြောသည်။
ထိုသို့ စစ်ဆေးမှုများရှိနေခြင်းကို ရဲတပ်ဖွဲ့ကလည်း အတည်ပြုပြောဆိုသည်။
ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှူး ဒုရဲအုပ်ကျော်စိုးလွင်က “တပ်မတော်နှင့် ၄င်းတို့ ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး လုံခြုံရေးဆောင်ရွက်နေတာဖြစ်ပါတယ်။ ရသေ့တောင်- ပုဏ္ဏားကျွန်းလမ်းပေါ် မှာ စစ်ဆေးမှုကတော့ ကိုဗစ်အပြင် လုံခြုံရေးကိစ္စအရပါ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ပုံမှန် ကိုဗစ် စည်းကမ်း လိုက်နာခြင်းမရှိမရှိတို့ ဒီဟာတွေလိုက်ပြီးတော့မှ ဆောင်ရွက်နေတာလည်း ရှိပါတယ်။ သြဂုတ်လထဲမှာပါ” ဟု ပြောသည်။
ရခိုင်ပြည်နယ်ကောင်စီအဖွဲ့နှင့် အနောက်ပိုင်းတိုင်းမှူးတို့ သြဂုတ်လ ၅ ရက်နေ့ ပြုလုပ်သည့် အစည်းအဝေးတွင် လုံခြုံရေးနှင့် ကိုဗစ် ကာကွယ်ရေးအတွက် နေ့/ည လှည့်ကင်းများဆောင်ရွက်ခြင်း၊ ဧည့်စာရင်းတိုင်ကြားရေးနှင့် စစ်ဆေးခြင်းများလည်း ပြုလုပ်ရန်ဆုံးဖြတ်ခဲ့ပြီးနောက် ယခုကဲ့သို့ ရခိုင်က မြို့နယ်အတော်များများတွင် လုံခြုံရေး တင်းကျပ်ပြီး စစ်ဆေးမှုများရှိလာခြင်းဖြစ်သည်။
စစ်တွေမြို့တွင်လည်း လမ်းသွား၊လမ်းလာများ၏ ဆိုင်ကယ်များကို ရပ်တန့်စစ်ဆေးခြင်း၊ ဆီဘောက်များကိုဖွင့်၍ စစ်ဆေးမှုများရှိလာပြီး ညအချိန် မသင်္ကာသည့် နေအိမ်များအား ရှောင်တခင်ဝင်ရောက်ပြီး ဧည့်စာရင်းစစ်ဆေးမှုများလည်းရှိနေကြောင်း စစ်တွေဒေသခံများက ပြောဆိုသည်။







