ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်ရှိ ကျေးရွာတချို့တွင် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံ စစ်ကောင်စီလိုလားသူ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ကျေးရွာအတွင်း ညတွင်းလှည့်လည်၍ သေနတ်ပစ်ဖောက်ခြောက်လှန့်မှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့်လများမှစ၍ အဆိုပါ နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအတွင်း စစ်တပ်ထောက်ခံလိုလားသူ ကျေးရွာသားအချို့သည် ကျေးရွာအတွင်း ဆိုင်ကယ်ဖြင့် ညတွင်း လှည့်ပတ်နေစဉ် အကြောင်းပြချက်မရှိ သေနတ်ကို ၅ ချက်ထက်မနည်း ပစ်ဖောက်ခြောက်လှန့်မှုများ ပြုလုပ်နေခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလိုပြောသည်။
၎င်းက “ပြီးခဲ့တဲ့ လတွေကတည်းက အဲ့လိုပဲပစ်ဖောက်နေတာ။ ဘာကြောင့် အဲ့လို ပစ်ဖောက်ရလဲဆိုတာကလည်း မသိရဘူး။ ဘယ်သူ့ကိုမှလည်း လိုက်မမေးရဲဘူး။ သူတို့က ညဘက် ၉ နာရီ၊ ၁၀ နာရီလောက် ဆိုင်ကယ်နဲ့လိုက်သွားပြီး အခန့်မသင့်ရင်မသင့်သလို လေးငါးချက် ပစ်ဖောက်လိုက်တာပဲ။ ဒါပေမဲ့ ညတိုင်းတော့မဟုတ်ဘူး။ ရွာမှာဆို အဲ့လို ပစ်ဖောက်တာ ၅ ခါလောက်ရှိပြီ ”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ စစ်ကောင်စီလက်အောက်ခံ နယ်မြေခံရဲတပ်ဖွဲ့ဝင်များအနေဖြင့် ထိုသို့ ပစ်ဖောက်ရခြင်းနှင့်ပတ်သက်ပြီး အကြောင်းပြချက်တစ်စုံတစ်ရာ မသိရှိရသော်လည်းပဲ ဒေသခံများ၏ ပြောပြချက်အရ လက်ရှိ ဒလန်ဟု သတ်မှတ်ခံထားရသူများကို ပစ်မှတ်ထားတိုက်ခိုက်ရန် သတိပေးအကြောင်းကြားခြင်းများနှင့် ပတ်သက်နိုင်ကြောင်း ဒေသခံများက ယူဆပြောဆိုနေကြသည်။
ထိုသို့ ပစ်ဖောက်ခြောက်လှန့်မှုများကြောင့် ဒေသခံ ကျေးရွာသားများအနေဖြင့် ကြောက်ရွံ့ထိတ်လန့်မှုများ ရှိနေသလို ကျေးရွာတွင်း စစ်တပ်ထောက်ခံသူများကလည်း ကျေးရွာအတွင်း စစ်တပ်နှင့်ပတ်သက်ပြီး တစ်စုံတစ်ခု ဝေဖန်ပြောဆိုသံများကြားလျှင် ကျေးရွာအတွင်း စစ်တပ်ခေါ်သွင်းမည်ဟုဆိုကာ ခြိမ်းခြောက်ပြောဆိုမှုများလည်းရှိနေကြောင်း ဒေသခံရွာသားများက ပြောသည်။
“ရွာမှာ တစ်ခုခုဆိုရင် စစ်တပ်ခေါ်လိုက်ရမလား ဘာညာနဲ့ အဲ့လို ခြိမ်းခြောက်ပြောဆိုနေတာတွေရှိတယ်။ တစ်ခုခုဆိုရင် စစ်တပ်ကို အကြောင်းပြပြီး ဩဇာအာဏာပြချင်နေကြတာ သူတို့က။ ရွာမှာက ဘယ်သူမှလည်း ဘာမှမလုပ်ကြပါဘူး။ တစ်ခုခု ကောလာဟလကြားတယ်ဆိုရင်ဘဲ စစ်တပ်ခေါ်လိုက်ရမလားဆိုပြီး ခြောက်ပြောတာတွေရှိတယ်” ဟု ဖော်ပြပါ ဒေသခံတစ်ဦးက ဆက်ပြောသည်။
အလားတူ ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း စစ်ကောင်စီ၏ ညွှန်ကြားချက်ဖြင့် ကျေးရွာ အရံမီးသတ်တပ်ဖွဲ့ဝင်များမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပတ်သက်၍ ၎င်းအဖွဲ့အစည်းများသည် တိုင်းပြည်၏ အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း၊ ၎င်းတို့ကို ထောက်ခံခြင်းမပြုရန် စသည့် ဝါဒဖြန့်ပြောကြားချက်များကို အသံချဲ့စက် (loud speaker) များအသုံးပြု၍ ကျေးရွာအတွင်း လှည့်လည်ဖွင့်လှစ်ပြနေကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ယခုလို သေနတ်ပစ်ဖောက်ခြိမ်းခြောက်မှုများရှိနေသည့် အဆိုပါကျေးရွာများတွင် ည ၈ နာရီနောက်ပိုင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် ကျေးရွာများဖြစ်ပြီး သေနတ်ပစ်ဖောက်မှုများသည်လည်း လူခြေတိတ်ချိန် ညသန်းခေါင်ယံအချိန်များတွင်သာ ပစ်ဖောက်လေ့ရှိကြောင်း သိရသည်။
အလားတူ ကျေးရွာအတွင်းနှင့် မြို့ပေါ်ရပ်ကွက်အတွင်း သေနတ်ပစ်ဖောက် ခြောက်လှန့်မှုမျိုးကို မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးအချို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ပြုလုပ်လေ့ရှိပြီး ဒေသခံအရပ်သားပြည်သူများကို အကြောင်းပြချက်မရှိ ဖမ်းဆီးခေါ်ဆောင်မှုများလည်း မြန်မာပြည်သူများ နေ့စဉ်ကြုံတွေ့နေကြရကြောင်း ဒေသတွင်း သတင်းမီဒီယာအသီးသီးက နေ့စဉ် ဖော်ပြပေးလျက်ရှိသည်။
လတ်တလော မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်း PDF တပ်ဖွဲ့ဝင်များ၏ စစ်ကောင်စီ၏ အုပ်ချုပ်ရေးထောက်တိုင်များကို ပစ်မှတ်ထား တိုက်ခိုက်လာမှုများရှိနေစဉ် ကျေးရွာအခြေစိုက် နယ်မြေခံ ရဲဌာနများကို စစ်တပ်သုံးလက်နက်များကို ဖြည့်တင်းပေးထားသလို စစ်ကောင်စီကို ထောက်ခံလိုလားသော ပျူစောထီးအဖွဲ့ဝင်များကိုပါ စစ်ကောင်စီဘက်မှ လက်နက်တပ်ဆင်ပေးထားသည်ကို တွေ့ရသည်။







