မကွေးတိုင်းအတွင်း လူတစ်ဦး ကျားကိုက်ခံရ

မကွေးတိုင်းအတွင်း လူတစ်ဦး ကျားကိုက်ခံရ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း သြဂုတ်လ ၂၈ ရက်နေ့ နေ့လည်ပိုင်းက နွားကျောင်းသွားသော လူတစ်ဦး ကျားကိုက်ခံခဲ့ရသည်ဟု ကျောင်းကုန်းကြီးရွာခံများက ပြောသည်။

ကျားကိုက်မှုဖြစ်ပွားရာအနီးရှိ ကျောင်းကုန်းကြီးကျေးရွာက ဒေသခံတစ်ဦးက "ရွာအနောက်ဖက်မှာ နေ့ခင်းဘက် နွားကျောင်းနေတုန်း ကျားကိုက်ခံရတာပါ ဒဏ်ရာကတော့များပါတယ်" ဟု ပြောသည်။

နွားကျောင်းသွားရာတွင် ကျားကိုက်ခံရသူမှာ ဦးစန်းဝင်း အသက် ၅၀ နှစ်ဖြစ်ပြီး ယခုလက်ရှိတွင် ပွင့်ဖြူမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်ဟု ပြောသည်။

ပြီးခဲ့သည့် ၅ ရက်ခန့်လောက်က ဆင်လူးရွာအနီးတွင် ကျားခြေရာကို ဒေသခံအချို့က တွေ့ခဲ့ရသဖြင့် လူများစု၍ လိုက်လံရှာဖွေခြင်းများ ပြုလုပ်ကြပြီး အသိပေးခဲ့သော်လည်း ကျားကို တွေ့ရခြင်းမရှိခဲ့၍ သတိမမူမိကြဟု ဆိုသည်။

 

ကျောင်းကုန်းကြီးရွာသည် တောနှင့်ဝေးပြီး ကျားက အနောက်ရိုးမဘက်မှ နယ်ကျွံလာသည့် ကျားဖြစ်နိုင်ပြီး အစာအတွက် သားကောင်ရှာရင်း လူများနေထိုင်သည့် ရွာများအနီးသို့ ရောက်လာခြင်းဖြစ်နိုင်သည်ဟုလည်း ဒေသခံတစ်ဦးက ပြောကြာသည်။

“ရွှေစက်တော် ဘေးမဲ့တောဝန်းကျင်မှာ ကျားအစာဖြစ်တဲ့ သမင်တွေ တော်တော်များကို ခပ်ဝေးဝေးက မြင်ဖူးပါတယ်" ဟု ၎င်းက ဆက်ပြောသည်။

ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ပွင့်ဖြူမြို့သည် မြန်မာပြည်၏ အနောက်အလယ်ပိုင်း ရခိုင်ရိုးမနှင့် ချင်းတောင်တန်းများ ဆက်စပ်ရာဒေသနှင့် မိုင် ၂၀ ကျော်ခန့်သာ ကွာဝေးကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း ကျားများ ကျင်လည်ကျက်စားနေသည့် ကျက်စားနယ်မြေသည် နိုင်ငံဧရိယာ၏ ၇% ခန့်၊ ဧက (၁၂) သန်းကျော်ရှိသည်။

 

ကျားများ ကျင်လည်ကျက်စားသည့် နယ်မြေအတွင်း အနည်းဆုံး ကျား (၂၂) ကောင် ရှင်သန်ကျက်စားနေကြောင်း သစ်တောဦးစီးဌာနက ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ ကမ္ဘာ့ကျားများနေ့တွင် အတည်ပြုထုတ်ပြန်ထားသည်။

တရုတ်လူမျိုးတို့၏ ပြက္ခဒိန်တွင် ကျားနှစ်ဖြစ်သည့် လာမည့် ၂၀၂၂ ခုနှစ်တွင် ကျားကျက်စားသော နိုင်ငံ ၁၃ နိုင်ငံတွင် သဘာဝကျားကောင်ရေ နှစ်ဆတိုးပွားရေး ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ဖြစ်သော Tx2 အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံသည်လည်း ပါဝင်ထားသည်။

မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ဟူးကောင်းတောင်ကြောဒေသသည်လည်း ကမ္ဘာ့အကြီးဆုံး သဘာဝ ကျားဘေးမဲ့တောဖြစ်ပြီး စတုရမ်းမိုင် ၈၄၅၂ မိုင်သတ်မှတ်ထားသည်။

Most read this week

August 5, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူးဒေသတစ်ဝိုက်တွင် နယ်မြေပြန်လည်ထိန်းချုပ်ရန် အင်အားအလုံး...
August 4, 2026
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်အတွင်း အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၇ ဦးမှာ...
ပုံဟောင်း (တပ်မတော်လေ)
August 3, 2026
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီးတွင် ယနေ့ (ဩဂုတ်လ ၃ ရက်)...
August 3, 2026
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ကိုယ်စားလှယ်တစ်ဦးသည် ဩဂုတ်လ ၃ ရက်နေ့တွင် နိုင်ငံတော်...