မြစ်ကြီးနားတွင် လူမှုကူညီရေးအသင်းတစ်ခုမှ အောက်ဆီဂျင်စက် တပ်ဆင်ပြီးဖြစ်၍ ဩဂုတ်လ ၂၉ ရက်မှစ၍ အခမဲ့ ဖြန့်ဝေသွားမည်ဟု ပေးဆပ်သူ လူမှုကူညီရေးအသင်း ဥက္ကဌက ပြောသည်။
"အရေးကြီးရင်ကြီးသလို အခြေအနေပေါ်မူတည်ပြီး လိုအပ်သလောက်ကို ပိတ်ရက်မရှိထုတ်လုပ်ပေးသွားမှာ" ဟု အသင်းဥက္ကဌ ဦးသိန်းဝင်းဦး က ပြောသည်။
အောက်စီဂျင်လိုအပ်သူများသည် ခေမာသီရီရပ်ကွက်က ခေမာသီရီကျောင်းတိုက် အနောက်ဘက်တွင်ရှိသည့် ပေးဆပ်သူ လူမှုကူညီရေးအသင်းရုံးတွင် အောက်စီဂျင်အိုးအလွတ်နှင့် ဆရာဝန်ထောက်ခံစာ ယူဆောင်ပြီး အကူအညီတောင်းခံနိုင်သည်ဟု ပြောသည်။
မြစ်ကြီးနားမြို့အတွက်သာမက အခြားမြို့ရွာများမှ အောက်စီဂျင်လိုအပ်သူများလည်း လာရောက် အကူအညီတောင်းခံနိုင်ပြီး တစ်နာရီလျှင် အောက်စီဂျင် ၄၀ လီတာ အိုး ၁၀ အိုး ထုတ်နိုင်ပြီဖြစ်ပြီး လိုအပ်သည့် အခြေအနေများပေါ် မူတည်၍ ထုတ်လုပ်ပေးသွားမည်ဖြစ်သည်ဟု အသင်းရုံးထံမှ သိရသည်။
ယခုတပ်ဆင်ထားသည့် စက်သည် တရုတ်နိုင်ငံထုတ် အောက်စီဂျင်ထုတ်လုပ်သည့် စက်အမျိုးအစားဖြစ်ပြီး မြစ်ကြီးနားမြို့ပေါ်က အလှုရှင်များနှင့် အနယ်နယ်အရပ်ရပ်က အလှုရှင်များ၏ လှုဒါန်းငွေများဖြင့် အောက်စီဂျင်ထုတ်လုပ်သည့်စက်ကို ဝယ်ယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ပေးဆပ်သူအသင်းသည် အောက်စီဂျင်စက်ရုံ မတည်ဆောက်ခင်က မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်ရှိ (စက်မှုဇုံ) အတွင်းက အောက်စီဂျင်စက်ရုံမှ ခွဲတမ်းကျဝယ်ယူပြီး အောက်စီဂျင်လိုအပ်နေသူများကို အသင်းရုံးတွင် ပြန်လည်ပေးဝေခဲ့သည်။
ပေးဆပ်သူ လူမှုကူညီရေးအသင်းသည် မြစ်ကြီးနားမြို့တွင် ကိုဗစ်-၁၉ ရောဂါ သံသယနှင့် သေဆုံးသူများ၊ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူများကို သဂြိုလ်ပေးနေသည့် လူမှုကူညီရေး အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။







