အတွင်းရေးမှူးအား ဖမ်းဆီးရန်လာရောက်သည့်ကိစ္စကို KBC က ညှိနှိုင်းသွားမည်

အတွင်းရေးမှူးအား ဖမ်းဆီးရန်လာရောက်သည့်ကိစ္စကို KBC က ညှိနှိုင်းသွားမည်

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အတွင်းရေးမှူးကို စစ်ကောင်စီက ဖမ်းဆီးရန် စာထုတ်ထားသည့်အပေါ် KBC အနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းသွားရန် စီစဉ်ထားသည်ဟု KBC တာဝန်ရှိသူက ပြောသည်။

KBC ၏ အသင်းတော်များသို့ ဆုတောင်းရန် ဖြန့်ဝေထားသည့်စာထဲတွင် “စစ်အာဏာရှင်” ဟူသော အသုံးအနှုန်းအချို့ ပါသည့်အပေါ် ရဲများက စစ်ဆေးရန် ရောက်ရှိလာခဲ့သည်ဟု ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌက ပြောသည်။

“ကိုဗစ်အတွက်ဆုတောင်းရအောင်၊ ကိုဗစ်ပျောက်ဖို့အတွက် ဆုတောင်းရအောင် ဆိုတဲ့အကြောင်းပါတယ်။ ပြီး ရင် ကျနော်တို့ ဒုက္ခရောက်နေတဲ့ နိုင်ငံရေးပြဿနာလည်း ရှိနေတော့ အဲ့ဒီအတွက်ပါ ဆုတောင်းရအောင်ဆိုတဲ့ ဆုတောင်းချက်အပေါ်မှာ ဒီအာဏာရှင်ဆိုတဲ့စကားလုံးကို ကျနော်တို့က စစ်အာဏာရှင်ပဲ ပြောတာမဟုတ်ဘူး။ အာဏာရှင်အားလုံးဆိုတာကို ဆိုလိုတာပေါ့။ အဲ့ဒီမှာ နည်းနည်းနားလည်မှု လွှဲသွားခြင်းဖြစ်ပါတယ်။ ကျနော်တို့ လည်း အဲ့ဒါပြန်လည်ဖြေရှင်းဖို့လုပ်နေပါတယ်” ဟု ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာခါလမ်ဆမ်ဆွန်က ပြောသည်။

“၇ ရက်နေ့ ထုတ်တဲ့စာထဲမှာ နံပါတ် ၆ နဲ့ ၇ မှာကတော့ ဒီတပ်မတော်၊ စစ်တပ်နဲ့ ညှိစွန်းတဲ့ စကားလုံးတွေပါတယ်ဆိုပြီးမှ အဲ့ဒီအပေါ်မှာ အတွင်းရေးမှူးကို ဖမ်းဆီးဖို့ရန် သူတို့ စာထုတ်တာပေါ့။ ဒါပေမယ့် ကျနော်တို့က အဲ့ဒီစာအပေါ်မှာ သက်ဆိုင်ရာဒီ အိမ်စောင့်အစိုးရနဲ့ ညှိနှိုင်းပြီးမှ ဒါပြေလည်အောင် ကျနော်တို့ စကားပြောဖို့ ကမ်းလှမ်းခဲ့တာကိုတော့ သူတို့လက်ခံတာပေါ့။”

ဩဂုတ်လ ၂၆ ရက်နေ့ ညနေပိုင်းအချိန်ခန့်က KBC ရုံးသို့ ရဲတပ်ဖွဲ့ဝင်လေးဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှာ KBC အတွင်းရေးမှူး သိက္ခာတော်ရဆရာတော်တူးမိုင်နှင့် တွေ့ဆုံရန် လာရောက်ခဲ့သည်ဟု သိက္ခာတော်ရဆရာတော် ဒေါက်တာခါလမ်ဆမ်ဆွန်က ဆက်ပြောသည်။

“အဲ့မှာ မနေ့ညကလာပြီးမှ သူတို့ ဖမ်းဆီးတဲ့ပုံစံမျိုး မဟုတ်ပါဘူး။ အုပ်ချုပ်ရေးမှူးပါ ပါပြီးမှ ရဲစခန်းက ပုဂ္ဂိုလ်တွေ လေးဦးလာပြီး အတွင်းရေးမှူးကိုတွေ့ဆုံဖို့ လာတွေ့ဆုံခြင်းသာဖြစ်တယ်။ ဒါ သတင်းတွေ အမှားတွေကတော့ စစ်ကားနဲ့လာတယ်ဘာညာနဲ့ ဖြစ်နေတာကတော့ ဒါစစ်ကားလည်း မလာပါဘူး။ ဖမ်းဆီးဖို့လာတာလည်း မဟုတ်ဘူး။ သေနတ်တွေလည်းမပါဘူး။ သူတို့ရိုးရိုးလာကြတာဖြစ်တယ်ဆိုတာ အခုကျနော်တို့က အဲ့ဒါ သတင်းအမှန်တင်ပြဖို့ လုပ်နေပါတယ်” ဟု ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ KBC ရုံးသို့ ရောက်လာချိန်တွင် “အတွင်းရေးမှူးက အခု သူ ခရီးထွက်နေတယ်။ ဆိုတော့ သူမရှိဘူး။ ဆိုတော့ လုံခြုံမယ်လို့ထင်ပါတယ်။ ကျနော်တို့လည်း အခု ပြေလည်အောင် ဖြေရှင်းဖို့လုပ်နေပါတယ်” ဟု ဒေါက်တာခါလမ်ဆမ်ဆွန်က ဆက်ပြောသည်။

စစ်ကောင်စီက ဖမ်းဆီးဖို့ ညွန်ကြားထားသော်လည်း KBC အနေဖြင့် ပြည်နယ်စစ်ကောင်စီ ဥက္ကဋ္ဌ၊ PCG က တာဝန်ရှိသူများနှင့် ညှိနှိုင်းပြီး ပြန်လည်ဆွေးနွေးမည်ဟု သိက္ခာတော်ရဆရာတော် ဒေါက်တာခါလမ်ဆမ်ဆွန်က ပြောသည်။

“ညှိနှိုင်းတယ်ဆိုတာ ကျနော်တို့ ကချင်လိုထုတ်ဝေတဲ့နေရာမှာ ဘာသာပြန်တဲ့အပိုင်းမှာ စစ်တပ်ကိုကြီးပဲ ရည်ရွယ်တာမဟုတ်ဘူးဆိုတဲ့အကြောင်း အာဏာာရှင်ဆိုတာ ကျနော်တို့အားလုံး အာဏာရှင် အသင်းတော်မှာလည်း တချို့အာဏာရှင်ဘုန်းကြီးတွေ ဆရာတော်တွေက အာဏာရှင်ပုံစံမျိုးရှိတာပေါ့နော် ဆိုတော့ ကျနော်တို့ အာဏာရှင်ဟူသမျှဆိုတဲ့ စကားလုံးသုံးတဲ့နေရာမှာ စစ်တပ်ကိုပဲ ရည်ရွယ်တာမဟုတ်ဘူးဆိုတဲ့ အကြောင်းတွေ ပြန်ရှင်းပြဖို့ရှိပါတယ်။”

စစ်ကောင်စီအနေဖြင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ထုတ်ဝေသည့် စာများအား စစ်ဆေးခြင်းမှာ ယခုမှ မဟုတ်ပဲ ယခင်အစိုးရအဆက်ဆက်ကတည်းက ဖြစ်ခဲ့သည့်အတွက် KBC အနေဖြင့် အသင်းတော်များအား ပေးရမည့်စာများ၊ ဆုတောင်းခံချက်ကို ဆက်လက်ဖြန့်ဝေသွားမည်ဟု ဆိုသည်။

“သူတို့ကတော့ ကျနော်တို့ KBC က ထုတ်တဲ့စာတွေကိုတော့ အမြဲတမ်းစိစစ်တယ်လို့ ကျနော်တို့ကတော့ အရင်ကတည်းကနေ သိပြီးသားဖြစ်တယ်။ ဆိုတော့ ဒါကတော့ သူတို့အပိုင်းပေါ့လေ ကျနော်တို့အပိုင်းကတော့ ဒီအဖြစ်မှန်တွေကို အသင်းတော်တွေကို ပေးချင်တဲ့ message တွေကတော့ ကျနော်တို့ပုံမှန်ပဲ အဲ့လိုပဲပေးသွားမှာပါ။ အရေးယူတဲ့အပိုင်းကတော့ သူတို့ရဲ့ကဏ္ဍပဲပေါ့” KBC ဥက္ကဋ္ဌ က ပြောသည်။

ဩဂုတ်လ ၇ ရက်နေ့က အသင်းတော်များအား ဖြန့်ဝေသည့် KBC ၏ ဆုတောင်းခံချက်စာထဲတွင် အချက် ၈ ချက်ပါဝင်ပြီး အဓိကအားဖြင့် ကိုဗစ်-၁၉ ကြောင့် ဒုက္ခရောက်နေသူများ၊ စစ်ရှောင်များ၊ နိုင်ငံခေါင်းဆောင်များ အတွက် ဆုတောင်းရန်၊ လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကြောင့် ကြုံနေရသည့် အခက်အခဲများ၊ အာဏာရှင်များ ကျဆုံးရေးနှင့် စစ်မှန်ပြီး တရားမျှသည့် နိုင်ငံဖြစ်လာရန် ဆုတောင်းကြဖို့ ဆိုသည့်အချက်များ ပါဝင်သည်။

အဆိုပါဆုတောင်းခံချက်စာကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ KBC ၏ အတွင်းရေးမှူး သိက္ခာတော်ရဆရာတော် တူးမိုင်၏လက်မှတ်ဖြင့် အသင်းတော်များအား ဖြန့်ဝေထားခြင်းဖြစ်သည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...