ဥသျှစ်ပင် ကိုဗစ်ဂိတ်ယာဉ်များအား ငွေတောင်း

ဥသျှစ်ပင် ကိုဗစ်ဂိတ်ယာဉ်များအား ငွေတောင်း

ပဲခူးတိုင်း ဥသျှစ်ပင်မြို့ ကိုဗစ်-၁၉ ကာကွယ်‌ရေးဂိတ်မှ ဆိုင်ကယ် ၂ ယောက်စီးလျှင် ကျပ်တစ်သောင်း၊ ကားတစီးလျှင် ကျပ်ငါးထာင်အထိ ငွေကြေးတောင်းခံနေသောကြောင့် သွားလာရေးအတွက် အခက်တွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

”ကြည့်ရင် သေးသေးလေး ပြဿနာမဟုတ်လို့ထင်ရတယ်။ ဆိုင်ကယ်တစ်စီးကို နှစ်ယောက်စီးတော့ ပိုးကူးတယ် သုံးဘီးကို ပြုံစီးတော့ ပိုးမကူးဘူးပေါ့ အဲ့လိုလားလို့ မေးချင်တယ်” ဟု ဥသျှစ်ပင်မြို့၊ မြေဝါကုန်းကျေးရွာက ဒေသခံတစ်ဦးက ပြောသည်။

ကျွမ်းကျင်သည့် ကျန်းမာရေးဝန်ထမ်းများမပါသော ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ကို ဥသျှစ်ပင်မြို့နယ်ရှိ ရဲစခန်းရှေ့တွင် ဖွင့်လှစ်ထားပြီး စစ်သားနှင့်ရဲများက ကိုဗစ်စည်းကမ်းဖောက်ဖျက်သည့် ဒဏ်ကြေးဟုဆိုကာ ငွေတောင်းနေခြင်းဖြစ်သည်။

ကိုဗစ်စစ်ဆေးရေးဂိတ်ဟု အမည်တပ်ပြီး ပိုးတွေ့လျှင် မည်သို့ဆောင်ရွက်မည်၊ မည်သည့်စင်တာကိုပို့မည် စသည့်ကိစ္စရပ်များ စီစဉ်ထားခြင်းမရှိသကဲ့သို့ မြို့ခံပရဟိတအဖွဲ့များနှင့်လည်း ချိတ်ဆက်ထားခြင်းမရှိဟု ဥသျှစ်ပင်မြို့က အသက် ၄၀ အရွယ် ဒေသခံ ကျန်းမာရေးဝန်ထမ်းတစ်ဦး က ဆိုသည်။

“မြို့ကိုဝင်တဲ့လမ်းတိုင်းမှာ လုံခြုံရေးအတွက် အခိုင်အမာဂိတ်တွေချပြီးသား ဒီဂိတ်က ကိုဗစ်စစ်ဆေးရေးဂိတ် အဲ့ဒီလုပ်ရပ်တွေကို ရှက်လို့ ကျန်းမာရေးဝန်ထမ်းတွေမလာတာ” ဟု ၎င်းကပြောသည်။

တောသူတောင်သားများနှင့် အသက်အရွယ်ကြီးသူများသည် မိသားစု သာရေး နာရေး သွားလာရာတွင် ယခင်က အသုံးပြုနေကျ လွယ်ကူသည့် ဆိုင်ကယ်ဖြင့် သွားလာခဲ့ကြရာ ယခုတွင် အဆိုပါဂိတ်ကြောင့် အဆင်မပြေကြောင်း မြို့ခံတစ်ဦးက ပြောသည်။

ထိုဂိတ်ကြောင့် ပြည်သူအများအတွက်သာ သွားလာရေးခက်ခဲသွားစေခဲ့သော်လည်း နွားမှောင်ခို သစ်မှောင်ခို မီးသွေးမှောင်ခိုလုပ်နေသူများအတွက် ကိုဗစ်စည်းကမ်းမရှိတော့ပဲ စစ်ကောင်စီအဖွဲ့များညှိကာ ဖြတ်သန်းသွားလာခွင့်ပြုနေကြောင်း အသက် ၃၅ နှစ်အရွယ် မြေဝါကုန်းကျေးရွာသား ဒေသခံက ပြောသည်။

မသွားမဖြစ်သွားမည်ဆိုလျှင် သုံးဘီးဆိုင်ကယ်ငှားရခြင်း၊ ကားကြုံစောင့်ရခြင်းစသည့် ဒုက္ခများပိုလာပြီး အပြင်ထွက်ခွင့်ကတ်မှာလည်း အမှန်တကယ်လိုအပ်၍ အပြင်ထွက်ချင်ရင် လုပ်ရန်မလွယ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

ဒေသခံများက မိမိဆိုင်ကယ်နှင့် ယာဉ်စီးကမ်းအတိုင်းသာ စီးနင်းချင်ပြီး ယခုထုတ်ပြန်ထားသည့် အမိန့်များသည် မလိုအပ်ဘဲ ပြည်သူများ ငွေကုန်ကြေးအကုန်အကျများသည့် လုပ်ငန်းများဖြစ်သည်ဟု ဆိုကြသည်။

 

ဥသျှစ်ပင်မြို့သည် ပုသိမ်-မုံရွာလမ်းနှင့် ပန်းတောင်း-တောင်ကုတ် ကားလမ်းဆုံရာတွင်ရှိပြီး ကာကွယ်ရေးပစ္စည်းစက်ရုံနှင့် အမြှောက်တပ် ဝေဟင်ပစ်တပ် စက်မှုဝန်ကြီးဌာနပိုင် အကြီးစားစက်မှုလုပ်ငန်း (ကစလ) စက်ရုံများ၊ ပတ်ဝန်းကျင်ကျေးရွာများနှင့် စည်ကားသည့် မြို့ငယ်တစ်မြို့ဖြစ်ကာ ပြည်ခရိုင် ပန်းတောင်းမြို့နယ်ထဲ ပါဝင်သည်။

 
 

 

 

Most read this week

December 16, 2025
စစ်ကော်မရှင်က ကျင်းပရန် စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိဘဲ စစ်အာဏာ...
December 15, 2025
မွန်ပြည်တွင် စစ်ကော်မရှင်က ကျားဖြန့်ခေါင်းစဉ်ဖြင့် ရှမ်းပြည်သားများကို တည်းခိုခွင့်...
December 10, 2025
သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ရွေးကောက်ပွဲ ဥပဒေဖြင့် သတင်းမီဒီယာနှင့် ပြည်သူများ ခြိမ်းခြောက်...
December 10, 2025
+++  ဖုံးကွယ်ထားရသည့် မျက်ရည်များ +++ ကရင်နီ စစ်ဘေးရှောင် တစ်ဦး ဖြစ်သူ ဒေါ်ကားခူဖောက...