စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် (BGF) မှ KNU-ကရင်အမျိုးသားအစည်းအရုံး ကော့ကရိတ်မြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင်များ ရှိ၊မရှိ ဝင်ရောက်စစ်ဆေးမည်ဖြစ်သောကြောင့် အဆိုပါအဖွဲ့များကို လက်ခံမထားရန် ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်းက ဩဂုတ်လ ၂၄ ရက် နေ့စွဲဖြင့် သက်ဆိုင်ရာ တပ်မဟာ၊ တပ်ရင်းနှင့် မြို့နယ်ခေါင်းဆောင်များကို ညွှန်ကြားထားသည့်စာ ထွက်ပေါ်လာခဲ့သည်။
သက်ဆိုင်ရာ တပ်မဟာမှူး၊ တပ်ရင်းမှူးနှင့် မြို့နယ်မှူး အသီးသီးကို လိပ်မူ၍ ဖော်ပြထားသည့် အဆိုပါညွှန်ကြားချက်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်းက အဆိုပါထုတ်ပြန်ချက်ကို ဗဟိုကိုသာ ပေးပို့ထားကြောင်းနှင့် ၎င်းတစ်ဦးတည်း၏ သဘောထားမဟုတ်ကြောင်း ယခုလိုပြောသည်။
“ဒါက ကျနော့်တစ်ယောက်ထဲ သဘောထားမဟုတ်ဘူး။ ကျနော်တစ်ယောက်ထဲ လုပ်ပိုင်ခွင့်မရှိဘူး၊ ပြောပိုင်ခွင့်လည်းမရှိဘူး။ ဒီညွှန်ကြားမှုမျိုးက သင့်တော်လား၊ မသင့်တော်ဘူးလားဆိုတာက သက်ဆိုင်ရာ ဗဟိုခေါင်းဆောင်တွေက ကျနော့်ကိုပြောမှာပဲ။ ကျနော့်အနေနဲ့ သတင်းဌာနနဲ့ ပြည်သူတွေကို ရှင်းပြစရာအကြောင်းမရှိဘူး” ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရေးမူနှင့်ရေးသားထားသည့် ၎င်းညွှန်ကြားစာအရ KNU ထိန်းချုပ်နယ်မြေ ကော့ကရိတ်မြို့နယ် အံဖကြီး၊ အံဖလေး ကျေးရွာအတွင်း PDF တပ်ဖွဲ့ဝင်များ ခိုလှုံနေကြောင်း သတင်းရရှိ၍ စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင်များမှ ဝင်ရောက်ရှာဖွေမည့်အပေါ် ၎င်းနေရာတွင် PDF ရှိ၊ မရှိနှင့် KNU အနေဖြင့် ၎င်း (PDF) နှင့် NUG တို့ကို နယ်မြေအတွင်း လက်ခံထားရန် ဆန္ဒမရှိသောကြောင့် အမြန်ဆုံး စုံစမ်းအသိပေးရန်ဟူ၍ ဖော်ပြညွှန်ကြားထားခြင်းဖြစ်သည်။
ထို့အပြင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရမည်ဆိုသည့် KNU ကွန်ဂရက်မှ ချမှတ်ထားသည့် ဆုံးဖြတ်ချက်မှာ မပြောင်းလဲသေးကြောင်း၊ စစ်ပွဲကြောင့် ကရင်ပြည်သူများ မည်သို့ခံစားရသည်ကို အသိဆုံးဖြစ်ကြောင်း၊ စစ်ရေးနည်းကြောင့် ယနေ့အချိန်အထိ ဖြေရှင်းနိုင်ခြင်းမရှိကြောင်းနှင့် စစ်ရေးနည်းကို ရွေးချယ်ခြင်းသည် ပြည်သူများကို ချစ်ရာမရောက်ကြောင်းနှင့် စစ်ရေးနည်းလမ်းကို ရှောင်နိုင်သမျှရှောင်ရန် ပဒိုစောရွှေမောင်း၏ ညွှန်ကြားစာတွင် ဖော်ပြပါရှိသည်။
ယခုလို NUG နှင့် PDF ကို KNU မှ လက်ခံထားရန် ဆန္ဒမရှိကြောင်း ညွှန်ကြားချက်မျိုး ထွက်ပေါ်လာသော်လည်း KNU ၏ ဗဟို ထိပ်ပိုင်းခေါင်းဆောင်များကမူ ဒီမိုကရေစီလိုလားပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြသည့် မည်သူမဆို အကာအကွယ်ပေးသွားမည်ဖြစ်ကြောင်း စစ်အာဏာသိမ်းမှုနောက်ပိုင်း သဘောထားထုတ်ပြန် ပြောဆိုထားသည်။
အလားတူ လက်ရှိ PDF နှင့် NUG ကို အကြောင်းပြ၍ KNU နယ်မြေအတွင်း စစ်ရေးဝင်ရောက် လှုပ်ရှားလာခြင်းအပေါ် KNU အနေဖြင့် မိမိကိုယ်ကို အပြည့်အဝ ခုခံပိုင်ခွင့်ရှိသည့် သဘောထားအတိုင်း မိမိထိန်းချုပ်နယ်မြေကို ကာကွယ်ထားရန် အောက်ခြေတပ်ရင်း တပ်ဖွဲ့များကို အပြည့်အဝ လုပ်ပိုင်ခွင့်ပေးထားကြောင်း ယခုရက်ပိုင်းအတွင်း KNU ဗဟိုဘက်က ပြောဆိုထားမှုမျိုးရှိသည်။
အဆိုပါ ညွှန်ကြားချက်မျိုး မထွက်ပေါ်လာခင် ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်နေ့မှစ၍ စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ဖွဲ့ဝင်များသည် PDF နှင့် NUG များကို ရှင်းလင်းချေမှုန်းမည်ဟူသည့် အကြောင်းပြချက်ဖြင့် KNU တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာခြင်းကြောင့် နှစ်ဖက်တပ်ဖွဲ့ဝင်အကြား ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ်ခဲ့ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှုများလည်း ဖြစ်ပေါ်ခဲ့သည်။
ယခုလို ညွှန်ကြားချက်မျိုး ထွက်ပေါ်လာခြင်းအပေါ် ကရင်လူထုအကြား ဝေဖန်မှုများ မြှင့်တက်နေပြီး မိမိနယ်မြေအတွင်း စစ်ကောင်စီ၏ နယ်မြေကျူးကျော်ဝင်ရောက်မှုကို မခုခံရန် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ဝင်များကို ညွှန်ကြားလိုက်ခြင်းအပေါ် လက်ခံနိုင်ဖွယ်စရာမရှိကြောင်းနှင့် အဆိုပါလုပ်ရပ်မျိုးသည် မလုပ်သင့်ကြောင်းလည်း ပြောဆိုဝေဖန်မှုများ ရှိသည်။
၎င်းညွှန်ကြားချက် ထွက်ပေါ်လာခြင်းကြောင့် လက်ရှိတွင် KNU တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်း ယနေ့တွင် ထိတွေ့ပစ်ခတ်မှုမျိုး မကြားရသေးသော်လည်း စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင်များသည် KNU ၏ ထိန်းချုပ်နယ်မြေ ကျေးရွာအချို့တွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်နေရာယူမှုများရှိသည့်အတွက် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်းသည် KNU နှင့် ယခင်အစိုးရများအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင်လည်း ပါဝင်လာခဲ့သူဖြစ်ပြီး အပစ်ရပ်လက်မှတ်ရေးထိုးသည့်နောက်ပိုင်း စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်အချို့နှင့် ဆက်ဆံရေး နီးစပ်သူတစ်ဦးဟု ကရင်အသိုင်းအဝိုင်းအကြား ရှုမြင်ခြင်းခံရသူဖြစ်သည်။
အလားတူ ပြီးခဲ့သည် မေလ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့သည့် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုး၏ ပုဂ္ဂိုလ်ရေးသဘောထားဖြစ်သည့် လတ်တလော နိုင်ငံရေးပြဿနာကို အပစ်ရပ်စာချုပ် (NCA) မူအတိုင်း ကျင့်သုံးပြီး ငြိမ်းချမ်းစွာဖြေရှင်းရန် သဘောထားတိုက်တွန်းချက်အပေါ် ထောက်ခံကြောင်း ဒူးပလာယာခရိုင်ဥက္ကဌ ပဒိုစောရွှေမောင်းက မေလ ၁၃ ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့သေးသည်။







