မိုင်းနင်းပြီး ထိခိုက်ထားသူတစ်ဦး ကြိုးဆွဲချသေဆုံး

မိုင်းနင်းပြီး ထိခိုက်ထားသူတစ်ဦး ကြိုးဆွဲချသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းက မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရထားသည့် ဒေသခံတစ်ဦး ကြိုးဆွဲချပြီး သေဆုံးသွားသည်ဟု ဒေသခံများနှင့် ကျေးရွာတာဝန်ရှိသူများက ပြောသည်။

ကျောက်မဲမြို့နယ် ပန်လင်ကျေးရွာအုပ်စု၊ ပန်မကျေးရွာက မိုင်းအိုက်ညီသည် မိုင်းနင်းမိပြီးနောက် မိသားစုအတွင်းမှာ စားဝတ်နေရေးအခက်အခဲတွေ ဖြစ်လာသည့်အတွက် ကြိုးဆွဲချပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခြင်းဖြစ်မည်ဟု ကျေးရွာရှိ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“သူက မိုင်းနင်းမိပြီး စိတ်ဓါတ်ကျနေတာမျိုးဖြစ်နေတာ။ အခုဆို မိသားစုက စားဝတ်နေရေး အခက်ဖြစ်တယ်။ တိုက်ပွဲတွေကလည်း မကြာခနဖြစ်နေတော့ ပိုဆိုးလာတယ်။ အဲ့ဒါ သူကြိုးဆွဲချပြီး သတ်သေသွားတယ်” ဟု ပြောသည်။

ကျောက်မဲမြို့ပေါ်ရောက် စစ်ရှောင်တစ်ဦးက လက်နက်ကိုင်များအနေဖြင့် ကျေးရွာများအနီးနှင့် ပြည်သူများ အသက်မွေးဝမ်းကျောင်း လုပ်ငန်းခွင်များဖြစ်သည့် တောင်ယာများ၊ လက်ဖက်ခြံများနှင့် လူသွားလမ်းများတွင် မိုင်းထောင်ခြင်းများ မလုပ်စေချင်ကြောင်း ပြောသည်။

“ကျနော်တို့က ဘာပြောလို့ရမလဲ၊ စစ်ပွဲက မဖြစ်စေချင်လည်း ဖြစ်နေတာပဲ။ သူတို့ဖြစ်ပြီဆိုရင် ထွက်ပြေးရပြီ။ ပြေးရင်းနဲ့လည်း မိုင်းနင်းမိတာမျိုးတွေရှိတယ်။ အလုပ်သွားရင်းလည်း နင်းမိတယ်။ တောင်ယာသွားလည်း နင်းမိကြတယ်။ လက်ဖက်ခူးသွားရင်လည်း နင်းမိတာတွေရှိတယ်။ မိုင်းတော့ ရွာတွေနားမှာ မထောင်စေချင်ဘူးနော်။ ကျနော်တို့ အလုပ်လုပ်တဲ့နေရာတွေမှာလည်း မိုင်းထောင်းထားတာတွေရှိတော့ အဲ့လိုမျိုး မထောင်စေချင်ဘူး။”

အသက် ၃၁ နှစ်အရွယ် သေဆုံးသူ မိုင်းအိုက်ညီသည် ဩဂုတ်လ ၁၃ ရက်နေ့ နံနက်က လက်ဖက်ခူးသွားရင်း မိုင်းနင်းမိပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဩဂုတ်လ ၂၄ ရက်နေ့တွင် ကြိုးဆွဲချပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မိုင်းအိုက်ညီမိုင်းနင်းမိတဲ့နေ့တွင် ပန်မကျေးရွာက အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးလည်း မိုင်းနင်းမိခဲ့ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲတွင် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှ ယနေ့အချိန်ထိ တအာန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA၊  ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ပူးပေါင်းတပ်ဖွဲ့များနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေဆဲဖြစ်သည်။

ထိုတိုက်ပွဲများကြောင့် ဒေသခံပြည်သူ တစ်ထောင်ကျော်လည်း နေရပ်စွန့်ခွာပြီး စစ်ဘေးလွတ်ရာနေရာများတွင် ထွက်ပြေးခိုလှုံနေကြရသည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...