COVID-19 ကာကွယ်ဆေးထိုးရန် NUG က ကုလကို အကူအညီတောင်း

COVID-19 ကာကွယ်ဆေးထိုးရန် NUG က ကုလကို အကူအညီတောင်း

COVID-19 တတိယလှိုင်း ထိန်းချုပ်နိုင်မှု မရှိခြင်းသည် စစ်ကောင်စီကြောင့်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက စွပ်စွဲလိုက်ပြီး ကာကွယ်ဆေးထိုးနိုင်ရေးအတွက် အကူအညီပေးရန် ကုလသမဂ္ဂကို တောင်းဆိုလိုက်သည်။

အမျိုးသားကျန်းမာရေးကော်မတီ ဥက္ကဋ္ဌ ပဒိုမန်းမန်းက ဩဂုတ်လ ၂၄ ရက်နေ့က ပြုလုပ်သည့် အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် မြန်မာတစ်နိုင်ငံလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိနိုင်ရန်အတွက် နည်းလမ်းနှစ်မျိုးနှင့် လုပ်ဆောင်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ကျနော်တို့ ဒီကာကွယ်ဆေးကို ထိုးနှံရရှိဖို့အတွက်က တစ်နိုင်ငံလုံးထိုးနှံရရှိနိုင်ဖို့အတွက်ရော နောက် ကာကွယ်ဆေးရဲ့ စီးဆင်းအကောင်အထည်ဆောင်ရွက်မှုက နှစ်ပိုင်းမဟာဗျူဟာချထားပါတယ်။ ပထမတစ်ပိုင်းက ဒီ Cross  Border ကနေ သွားဖို့ ဖြစ်ပါတယ်။ Cross Border ဆိုတာ အိန္ဒိယဖြစ်မယ်။ တရုတ်ဖြစ်မယ်။ ထိုင်းဖြစ်မယ် အခြေခံအားဖြင့်ပေါ့နော်။ အဲ့ဒါကို ကျနော်တို့ သွားဖို့ဖြစ်ပါတယ်။ အခြေခံအားဖြင့်ပေါ့နော်။ အဲ့ဒီ Cross Border ကိုသွားဖို့ဆိုရင် အဓိကအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်တွေ အုပ်ချုပ်နယ်မြေဖြစ်တဲ့ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းတွေက အကောင်အထည်ဖော်ဆောင်ရွက်ရမယ်။

ထို့အပြင် ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်ရန်အတွက် UN အနေနှင့် ကြားဝင်လုပ်ဆောင်ပေးဖို့ လိုအပ်သည်ဟု ပဒိုမန်းမန်းက ဆက်ပြောသည်။

ဒုတိယ Strategy ကတော့ ကျနော်တို့ ရန်ကုန်လေဆိပ်ကနေမှ သယ်ဆောင်ပေးတဲ့ကိစ္စဖြစ်တယ်။ ဒီ Cross Border မဟုတ်ပဲနဲ့ ရန်ကုန်ဘက်ကနေ ဝင်လာမယ်ဆိုရင်တော့ Third Party UN အေဂျင်စီကို ပေးဖို့ရယ်၊ နောက်တစ်ခါ ထိုးနှံတဲ့နေရာမှာလည်းပဲ Third Party UN အေဂျင်စီကပဲ ထိုးနှံမှာဖြစ်ပါတယ်။

ကာကွယ်ဆေးများရောက်လာပြီး ပြည်သူများကို ထိုးပေးသည့်အခါမှာတွင်လည်း CDM လုပ်ထားသည့် ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးပေးသည့် လုပ်ငန်းစဉ်တွင် ပါဝင်နိုင်ရေး အစီအစဉ်များရေးဆွဲထားပြီး အားလုံးပူးပေါင်းပါဝင်ရန်လည်း လိုအပ်သည် အမျိုးသားကျန်းမာရေးကော်မတီ ဥက္ကဋ္ဌ ပဒိုမန်းမန်းက ပြောသည်။

မြန်မာနိုင်ငံအတွင်း တိုင်းနှင့်ပြည်နယ်အသီးသီးတွင် COVID-19 ကူးစက်မှုနှုန်း မြင့်တက်နေပြီး သေဆုံးသူလည်း နေ့စဉ်ရာချီရှိနေသည်ဟု မြို့နယ်အလိုက် ကိုဗစ်-၁၉ ကူးစက်မှုသူများနှင့် အတည်ပြုလူနာ သေဆုံးမှုများအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် ပရဟိတအသင်းတာဝန်ရှိသူများက ပြောသည်။

NUG အစိုးရ၏ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက “ကိုဗစ်တတိယလှိုင်းရဲ့ တရားခံဟာ ဘယ်သူလဲဆိုတာ တကမ္ဘာလုံးသိပါတယ်။ ကျနော်တို့ မြန်မာပြည်ကလည်း သိတယ်။ ဒါ့ကြောင့် ပြည်သူတွေ ကျနော်တို့ သူငယ်ချင်းတွေ ကျနော်တို့ရဲ့ မိဘတွေ ဆွေမျိုးတွေ မိတ်ဆွေတွေ အသက်ဆုံးရှုံးခဲ့ရတယ်။ ထောင်သောင်းချီပြီးဆုံးရှုံးခဲ့ရတယ်။ တရားခံဘယ်သူလဲဆိုတာ တကမ္ဘာလုံးသိတယ်။ ဒါဘယ်သူမှ မငြင်းနိုင်ဘူး။ အခုလည်းသူတို့ ထိုးစစ်တွေဆင်တယ်။ အခုလည်းသူတို့စစ်သားတွေနဲ့ ရဲသားတွေတောင် ကာကွယ်ဆေးထိုးရရဲ့လားဆိုတာ သူမသုံးသပ်ဘူး” ဟု ပြောသည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ပြည်သူများ COVID-19 ကာကွယ်ဆေးထိုးနိုင်ရေး လုပ်ဆောင်မှုထက် ဒေသအသီးသီးအား ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းများကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာနိုင်သည်ဟု ဒေါက်တာဇော်ဝေစိုးက ဆက်ပြောသည်။

“ကာကွယ်ဆေးထိုးဖို့ကျတော့ မသုံးချင်ပဲနဲ့ အခုလို ထိုးစစ်တွေဆင်ပြီးသွားချင်တဲ့ ဒီလိုစစ်အာဏာရှင်မျိုး ဆက်ရှိနေရင် ကျနော်တို့ နောက်ထပ် စတုတ္ထလှိုင်းဆိုတာ ပေါ်လာအုံးမှာ။ ဒါ့ကြောင့် ကျနော်တို့ မြန်မာပြည်မှာ နောက်ထပ်ကိုဗစ်မဖြစ်ဖို့ နောက်ထပ်လှိုင်းတွေ မပေါ်ဖို့က အရေးအကြီးဆုံးက စစ်အာဏာရှင်ကို အမြစ်ပြတ်ရှင်းပစ်ဖို့ပဲ။”

မြန်မာနိုင်ငံအနေဖြင့် လက်ရှိတွင် စစ်အာဏာရှင်စနစ်ကြောင့် အခက်အခဲအမျိုးမျိုး ကြုံနေရသည့်အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှု၊ နိုင်ငံအတွင်း စီးပွားရေးအခြေအနေများကြောင့် နိုင်ငံတော်ကျဆုံးခန်း Fail State ဖြစ်နေပြီဟု အမျိုးသားညီညွတ်ရေးအစိုးရက ပြောသည်။

ထိုသို့အဘက်ဘက် ချွတ်ခြုံကျနေသော်လည်း စစ်ကောင်စီအနေဖြင့် ပြည်သူများအတွက် ကာကွယ်ဆေးရရှိနိုင်ရေးကြိုးစားမှုထက် တိုင်းရင်းသားဒေသများတွင်လည်း ထိုးစစ်ဆင်နေခြင်းများ  ဆက်တိုက်လုပ်ဆောင်နေသည်ဟု NUG အစိုးရက ပြောဆိုလိုက်သည်။

စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဩဂုတ်လ ၂၄ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၇၈၃၇၇ ဦး၊ သေဆုံးသူ ၁၄၆၂၂ ဦး ရှိသည်ဟု ထုတ်ပြန်ထားသည်။

သို့သော် မြေပြင်တွင် အဆိုပါစာရင်းထက် များနိုင်သည်ဟု ပညာရှင်များ၊ စောင့်ကြည့်နေသူများ၊ ပရဟိတသမားများနှင့် စေတနာ့ဝန်ထမ်းများ က ပြောဆိုထားသည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...