ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် စီမံအုပ်ချုပ်ရေးရုံးအဖွဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကိုပါ တရားမဝင်ပါတီဖြစ်ကြောင်း သြဂုတ်လ ၂၄ ရက်နေ့က အသံချဲ့စက်ဖြင့် လိုက်လံကြေညာခဲ့သည်ဟု ဒေသခံများက ပြောသည်။
NUG သည် မတရားအသင်းဖြစ်၍ မယုံကြည် မထောက်ခံကြရန်၊ PDF သည် အကြမ်းဖက်အဖွဲ့အစည်းဖြစ်၍ မကူညီကြရန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည် တရားမဝင်ပါတီဖြစ်၍ ယင်းပါတီ၏ ပြောဆိုမှုများကို မယုံကြည်ကြရန် လိုက်ပါဆောင်ရွက်ခြင်း မပြုကြရန် ကြေညာသွားကြောင်း မြို့ခံများက ပြောသည်။
"NUG, PDF, NLD က အကြမ်းဖက် မတရားအသင်းတွေဖြစ်တယ်။ ဗုံးခွဲတိုက်ခိုက် မီးရှို့၊ တိုင်းပြည်ဆူပူအောင် လုပ်နေတာကြောင့် မထောက်ခံကြဖို့ မကူညီမထောက်ပံ့ကြဖို့ ကြေညာသွားတယ်" ဟု မြောင်းမြမြို့ခံ ဦးလင်းအောင်က ပြောသည်။
ထိုသို့မကြေညာခင် တစ်ရက်က ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များအား လက်ကိုင်စပီကာဖြင့် ရပ်ကွက်အတွင်း လိုက်လံကြေညာခိုင်းသော်လည်း ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင် အများစုက ကြေညာပေးခြင်းမပြုသဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးက ကြေညာရခြင်းဖြစ်ကြောင်း သိရသည်။
"ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို တာဝန်ပေးတယ်။ ဒလန်ကောင် လော်ဘီကောင် သတ်မှတ်ခံရမှာစိုးရိမ်လို့ မလုပ်ကြဘူး၊ ဆိုက်ကားသမားကို ငွေပေးပြီး အသံသွင်းထားတာကို ကြေညာခိုင်းတော့လည်း မလုပ်ရဲဘူးပြောတယ်" ဟု ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
သြဂုတ်လ ၂၃ ရက်နေ့ကလည်း ပန်းတနော်မြို့နှင့် ညောင်တုန်းမြို့ စစ်ကောင်စီအဖွဲ့က NUG, PDF အဖွဲ့များနှင့် NLD ပါတို့သည် မတရားအသင်း အကြမ်းဖက်အဖွဲ့များဖြစ်၍ မထောက်ခံကြရန် ကြေညာခဲ့သည်။
၂၀၂၀ ခုနှစ် ရွေးကောက်ခံ လွတ်တော်ကိုယ်စားလှယ်များ၏ CRPH အဖွဲ့၊ တိုင်းရင်းသားအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် နွေဦးတော်လှန်ရေး သပိတ်ခေါင်းဆောင်များ ပါဝင်သော အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့ NUG ကလည်း အပြစ်မဲ့ပြည်သူ ၁၀၀၀ ကျော်ကို သတ်ဖြတ်ထားသည့် အာဏာသိမ်းစစ်ကောင်စီအား အကြမ်းဖက် အာဏာသိမ်းအဖွဲ့အဖြစ် သတ်မှတ်ထားသည်။







