ကရင်ပြည်နယ်၊ ကော့ကရိတ်တောင်ပိုင်းတွင် ယနေ့မနက် (ဩဂုတ် ၂၆ ရက်) နေ့တွင် စစ်ကောင်စီ ဂျက်လေယာဉ်ပျံဝဲမှုကြောင့် ကော့ကရိတ်တောင်ပိုင်းရှိ ဒေသခံလူထုများ တိုက်ပွဲဖြစ်မည်ကို စိုးရိမ်နေကြောင်း ဒေသခံ အတွင်းသတင်းအရင်းအမြစ်က ကေအိုင်စီသို့ ပြောသည်။
ယခုလို လေယာဉ်ပျံဝဲမှုကြောင့် တိုက်ပွဲဖြစ်လာလျှင် ကလေးငယ်နှင့် သက်ကြီးရွယ်အိုများ ပြေးလွှားရန် အဆင်မပြေသေးကြောင်း၊ ထို့အပြင် ပြည်သူများ ခိုပုန်းရန်နှင့် အစားအသောက် ဝယ်ယူစုဆောင်းထားမှု မရှိသေးသည့်အတွက် စိုးရိမ်ကြောက်လန့်မှုရှိကြောင်း ဒေသခံတစ်ဦးဖြစ်သူ စောဘီလီယံက ယခုလိုပြောသည်။
"ပြည်သူတွေက စစ်ဖြစ်မှာ တိုက်ပွဲအကြီးအကျယ်မှာကို စိုးရိမ်တယ်။ တွင်းခိုအောင်းဖို့အတွက် ဘာမှ မတူးရသေးဘူး။ တချို့လည်း တူးထားတာရှိတယ်ပေါ့နော်။ အစားအသောက်တွေလည်း စုဆောင်းထားတာ သိပ့်မရှိ သေးဘူး။ ဒါကြောင့် တိုက်ပွဲဖြစ်မှာကို စိုးရိမ်တယ်" ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ကော့ကရိတ်တောင်ပိုင်း ကမိုင်းကုန်းနှင့် အံဖလေးကျေးရွာတွင် ပြီးခဲ့သည့် ဩဂုတ်၂၃ နှင့် ၂၄ ရက်နေ့ကစပြီး စစ်ကောင်စီမှ နယ်မြေကျော် ထိုးစစ်ဆင်မှုရှိလာပြီးနောက် ယခုလို လေယာဉ်ပျံဝဲမှုများ ဖြစ်ပေါ်လာသလို စစ်အာဏာသိမ်းပြီးသည့်နောက် ကော့ကရိတ်မြို့နယ်အတွင်း လေယာဉ်ပျံဝဲထောက်လှမ်းခြင်းမှာ ၃ ခါခန့်ရှိပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် ကော့ကရိတ်တောင်ပိုင်း ကမိုင်ကုန်းနှင့် အံဖလေးကျေးရွာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) လက်အောက်ခံတပ်ရင်း (၁၈) နှင့် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်-စကခ (၁၃) တို့ ပစ်ခတ်မှုဖြစ်ပွားရာတွင် စစ်ကောင်စီဘက်မှ ၂ ဦးကျဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့သလို KNLA ဘက်မှ ၂ ဦးကျဆုံးခဲ့သည်ဟု ဒေသခံတာဝန်ရှိသူများထံမှ သိရှိရသည်။
အလားတူ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူးတြော်ခရိုင် တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီမှ ယမန်နေ့ (ဩဂုတ် ၂၅ ရက်) နေ့တွင် ဂျက်လေယာဉ်ဖြင့် တစ်ရက်အတွင်း သုံးကြိမ်ခန့် လာရောက်ထောက်လှမ်းနေသည်ဟု မူတြော်ခရိုင်သတင်းစဉ်က ထုတ်ပြန်ထားသည်။
လက်ရှိ ကရင်ပြည်နယ် ဒူးပလာယာခရိုင်တွင် KNLA နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးပဋိပက္ခကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရမှုရှိနေပြီး စစ်ကောင်စီဘက်မှ ဒေသခံရွာသားများကို ပေါ်တာဆွဲမှုများလည်းရှိကာ စစ်အင်အားဖြည့်တင်းမှုများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။







