AA ကပြုလုပ်နေသည့် တရားရေးလုပ်ဆောင်နေမှုကိစ္စများ၊ ကိုဗစ်ထိန်းချုပ်ရေးစာများ ကပ်ပါက သတင်းပေးရန် ကျောက်ဖြူမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို စစ်တပ်က ခေါ်ယူသတိပေး

AA ကပြုလုပ်နေသည့် တရားရေးလုပ်ဆောင်နေမှုကိစ္စများ၊ ကိုဗစ်ထိန်းချုပ်ရေးစာများ ကပ်ပါက သတင်းပေးရန် ကျောက်ဖြူမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို စစ်တပ်က ခေါ်ယူသတိပေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ယနေ့သြဂုတ်လ ၂၃ ရက်နေ့က ကျောက်ဖြူနယ်မြေခံတပ်ရင်း (၃၄) က မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူး အားလုံးကို ခေါ်ယူပြီး ရက္ခိုင့်တပ်တော် (AA) မှ တရားရေး ဆိုင်ရာ လုပ်ဆောင်နေမှုကိစ္စများ၊ ကိုဗစ်ထိန်းချုပ်ရေးနှင့်ပတ်သက်သော သတိ ပေးစာများ ကပ်သည့်ကိစ္စများနှင့် ပတ်သက်ပြီး သတိပေးမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမြို့ပေါ်ရပ်ကွက် (၁၇) ခုမှ အုပ်ချုပ်ရေးမှူးအားလုံးကို ကျောက်ဖြူအခြေစိုက် တပ်ရင်း (၃၄) သို့ မြို့တွင်းလုံခြုံရေးကိစ္စများ ဆွေးနွေးရန် အစည်းအဝေးခေါ်ယူခဲ့ပြီး အစည်းအဝေးတွင် AA နှင့်ပတ်သက်သည့် ကိစ္စတချို့ကို မေးမြန်းပြီး သတင်းပေးရန် ပြောဆိုခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြောသည်။

ကျောက်ဖြူမြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက “အေအေဘက်ကပေါ့နော်။ ကိုဗစ်နဲ့ ပတ်သက်ပြီး ကြေညာစာတွေကပ်တာတွေကို သူတို့ကအထက်က မကြိုက်ဘူး။ အုပ်ချုပ်ရေးမှူးတွေ အနေနဲ့သိရင် သတင်းပို့ပေးပါ။ ပထမတစ်ကြိမ်ကပ်တာတော့ သူတို့လိုက်ပြီးခွာပြီးပြီ။ နောက်တစ်ကြိမ် ကပ်တာရှိလား။ တရားရေးနဲ့ပတ်သက်ပြီး အေအေက စတိတ်မန့်တွေ ဘာတွေထုတ်ခဲ့တယ်လေ။ အဲဒါကို ရပ်ကွက်တွေမှာရော အဲလို တရားဆုံးဖြတ်တာတွေရှိလားလို့ မေးတယ်။ ရှိရင်သူတို့ ဆီကို သတင်းပို့ပါ။ ကျွန်တော်တို့ကလည်းအုပ်ချုပ်ရေးမှူးဆိုပေမယ့် တစ်ရပ်ကွက်လုံးကို ဘယ်လိုလပ် မျက်စိဒေါက်ထောက်ကြည့်နိုင်မလဲ။ မသိလိုက်ဘူးပေါ့” ဟုပြောသည်။

တပ်တာဝန်ရှိသူများအနေဖြင့် ကျောက်ဖြူမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားမည်ကို မလိုလားသဖြင့် အုပ်ချုပ်ရေးမှူးများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် ပြောဆိုကြောင်း ဆက်ပြောသည်။

“ကျွန်တော်တို့အုပ်ချုပ်ရေးမှူးတွေကလည်းစိုးရိမ်မှုတွေရှိတာပေါ့။ ဟိုဖက်ကလည်း တမျိုးထင်မှာ စိုးရတယ်။ တပ်ဖက်ကလည်း ကျွန်တော်တို့ကို မယုံဘူးလေ၊ ကြည့်ရတာ။ ဟိုဖက်ကလည်း တပ်ဖက်နဲ့ အစိုးရနဲ့ အဆက်အသွယ်လုပ်တယ်ဆိုပြီးတမျိုးမြင်မှာလည်း စိုးရတယ်” ဟု ပြောသည်။

နောက်ထပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးကလည်း ၄င်းတို့အား ရပ်ကွက်အတွင်းသောင်းကျန်း၊ ဆိုးသွမ်းသူများရှိပါက သတင်းပေးရန်၊ ရက္ခိုင့်တပ်တော် (AA) နှင့်ပတ်သက်သည့် လူများရှိပါက သတင်းပေးရန် အစည်းအဝေးတွင် ပြောဆိုခဲ့ကြောင်း ပြောသည်။

ကျောက်ဖြူမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နုက “အစည်းအဝေးခေါ်တာတော့ ကျွန်တော် သိပါတယ်ဗျာ။ ဒါပေမယ့် ကျွန်တော်အဲဒီအစည်းအဝေးကို မတက်ရတာကြောင့် အဲဒီအစည်းအဝေးမှာ ပြောတဲ့ ပြောဆိုချက်တွေ၊ဆွေးနွေးချက်တွေကို ကျွန်တော်မသိပါဘူးဗျာ။ မြို့ပေါ်ရပ်ကွက် ၁၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ခေါ်တာပါ” ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မေးမြန်းစုံစမ်းရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်ရာတွင် ဖုန်းမကိုင်ခဲ့ပါ။

ရက္ခိုင့်တပ်တော် AA မှ ရခိုင်ပြည်နယ်အတွင်းကိုဗစ် တတိယလှိုင်းအား ထိန်းချုပ်ရန် ဇူလိုင်လ ၂ဝ ရက်နေ့မှစ၍ သြဂုတ်လ (၂၅) ရက်နေ့အထိ သုံးကြိမ်တိုင်တိုင် Stay at Home ထုတ်ပြန် ကြေညာချက် များကို ထုတ်ပြန်ခဲ့ပြီး ၄င်းကြေညာချက် စာရွက်များအား မြို့နယ်တချို့တွင် လူမြင်ကွင်းများတွင် ကပ်ထားသည်ကို တွေ့ခဲ့ရကြောင်း ဒေသခံတချို့၏ ပြောပြချက်အရသိရသည်။

၄င်းအပြင် ရက္ခိုင့်တပ်တော် (AA) မှ ရခိုင်တွင်နေထိုင်သူများအနေဖြင့် ဖြစ်ပွားသော အမှုအခင်းများကို တိုင်ကြားနိုင်ကြောင်း သြဂုတ်လ ၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 
 

 

 

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...