ရခိုင်တွင် ယခုနှစ် သစ်ခိုးထုတ်သည့် သစ်တန်ချိန် ယခင်နှစ်ထက် ၃ ဆခန့်ပိုများလာ

ရခိုင်တွင် ယခုနှစ် သစ်ခိုးထုတ်သည့် သစ်တန်ချိန် ယခင်နှစ်ထက် ၃ ဆခန့်ပိုများလာ

ရခိုင်ပြည်နယ်တွင် ယခုနှစ်အတွင်း သစ်ခိုးထုတ်သည့်သစ်တန်ချိန်သည် ယခင်ဘဏ္ဍာနှစ်ထက် သစ်တန်ချိန် ၃ ဆနီးပါး ပိုများလာကြောင်း ပြည်နယ်သစ်တောဦးစီးဌာနမှ စာရင်းများအရ သိရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သစ်တန်ချိန် ၁,၈၀၀ ကျော်ဖမ်းဆီးရမိခဲ့ပြီး ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် သစ်တန်ချိန် ၅,၀၀၀ ကျော်အထိ ဖမ်းမိခဲ့သည့်အတွက် မှောင်ခိုထုတ်သည့်သစ်တန်ချိန်သည် ၃ ဆနီးပါးပိုများလာခဲ့သည်ဟု ပြည်နယ်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးဇော်ဇော်က နိရဥ္စရာကို ပြောသည်။

“ကျွန်တော်တို့ ဒီ ၂၀၂၀၊ ဇန်နဝါရီလကနေ လက်ရှိ ၈ လပိုင်းအကုန်ထိကို သစ်တန်ချိန်ပေါင်း ၅,၁၀၆ တန်ကျော်ဖမ်းဆီးနိုင်ခဲ့တယ်။ အရင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာတော့ ကျွန်တော်တို့က ၁,၈၄၂ တန် ဖမ်းမိခဲ့တယ်ဆိုတော့ ၃ ဆနီးပါးပြောရမှာပေါ့။” ဟု ပြောသည်။

သစ်ခိုးထုတ်မှုအများဆုံးဒေသမှာ တောင်ကုတ်မြို့နယ်အပါအဝင် စစ်တွေ၊ အမ်းနှင့် မောင်တောမြို့နယ်တို့ဖြစ်သည်ဟုလည်း သိရသည်။

၂ဝ၂ဝ ပြည့်နှစ်၊ ဇန်နဝါရီလမှ ယခုနှစ် သြဂုတ်လအထိ ရခိုင်ပြည်နယ်အတွင်း သစ်ခိုးထုတ်သည့် စက်လှေ ၄၃ စီး၊ ယာဉ် ၁၆ စီးနှင့် တရားခံ ၂၈၈ ဦးအထိဖမ်းဆီးရမိထားပြီး အမှုဖွင့်အရေးယူထားသည်ဟုလည်း ပြည်နယ်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးဇော်ဇော်က ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့ကလည်း တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်တင်သွင်းရန်သွားသည့် သစ်မှောင်ခိုစက်လှေတစ်စီးကို ရခိုင်ပြည်နယ်အနောက်ဘက် မေယုကျွန်းအနီး ပင်လယ်ပြင်တွင် ရေတပ်က ဖမ်းဆီးခဲ့သေးသည်။

ယခုကဲ့သို့ ရခိုင်တွင် သစ်ခိုးထုတ်မှုများပြားလာမှုနှင့်ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သော ကိုမျိုးလွင်က “ကိုဗစ်ဘေးဒဏ်ရယ်၊ နိုင်ငံရေးအကျပ်အတည်းကိုလည်း ခံနေရတဲ့အချိန်မှာ အစိုးရဌာနဆိုင်ရာဘက်ကလည်း နယ်မြေကိုမထိန်းချုပ်နိုင်တဲ့အပိုင်းတွေကြောင့်လည်းပါတယ်။ အဲ့ဒီအပေါ်မှာ သစ်တွေကို အခွင့်အရေးယူပြီးထုတ်နေကြတာတွေတွေ့ရတယ်။ နောက်ပြီး တချို့လုပ်ငန်းရှင်တွေရဲ့အခွင့်ရေးယူူမှုတွေကြောင့် အခုလိုပိုများလာတာလို့မြင်တယ်” ဟု နိရဥ္စရာကိုပြောသည်။

ရခိုင်ပြည်နယ်သစ်တောဦးစီးဌာန၏ ၂၀၂၀ ပြည့်နှစ်အတွင်းကောက်ခံထားသည့်စာရင်းများအရ ရခိုင်တွင် သစ်တောကြိုးဝိုင်း ၁၄ ခု၊ ကြိုးပြင်ကာကွယ်တော ၃၄ ခု၊ သဘာဝနယ်မြေ ၁ ခုနှင့် စုစုပေါင်းသစ်တောဧရိယာ ၂,၇၆၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။

ထိုအထဲတွင် ယခင်က ဒီရေတောဧက လေးသိန်းကျော်အထိရှိခဲ့သော်လည်း ယခုအခါ ဒီရေတောဧက ရှစ်သောင်းကျော်သာရှိတော့ကြောင်း ပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။

 
 

 

 

Most read this week

August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...