အပြင်ထွက်သွားလာခွင့် ကန့်သတ်ထားသည့် ကမ်းနားပိုင်းရပ်ကွက်များရှိ စားဝတ်နေရေးခက်ခဲနေသော အိမ်ထောင်စု ၃၇ စုအတွက် မကွေးတိုင်းဒေသကြီး၊ ကံမမြို့က မူဆလင်လူငယ်များက အခြေခံစားသောက်ကုန်များ သြဂုတ်လ ၂၁ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။
ကံမမြို့တွင် ကျေးရွာ ၆ ရွာနှင့် ရပ်ကွက် ၃ ခုကို ကိုဗစ်-၁၉ ရောရါပိုးတွေ့ရှိရသည်ဟုဆိုကာ ရုတ်တရက် လော့ဒေါင်းချခဲ့ခြင်းကြောင့် တနေ့လုပ်တနေ့စား လက်လုပ်လက်စားများ မိသားစုများ စားဝတ်နေရေး ခက်နေသည်ဟု ကမ်းနားပိုင်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
”လော့ဒေါင်းကြောင့် အနေအထိုင် အစားအသောက်ခက်ကုန်ပြီ။ အခုလို လှူသူရှိလို့ စားနေရသေးတာ” ဟု ပြည်သူမှပြည်သူသို့ ကူညီနေသည့် လူငယ်တစ်ဦးက ပြောသည်။
တမြို့ထဲသားများအတွက် မွတ်စလင်လူငယ်များက စုပေါင်းလှူဒါန်းကြခြင်းဖြစ်ပြီး ဆီ ၆၀ သား ၃၇ ထုပ်၊ ကြက်သွန်နီ ၅၀ သား ၃၇ ထုပ်၊ ငပိ ၂၅ ကျပ်သား ၃၇ ထုပ်၊ အချို့မှုန့် ၃၇ ထုပ်၊ ဒီဇယ် ၃ ဂါလံ ကာလတန်ဖိုး ၁၃၇၀၀၀ ကျပ်ကို ခက်ခဲသူများအား လှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် သြဂုတ် ၂၀ ရက်နေ့က ကံမမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းအထောက်အကူပြု ကော်မတီကလည်း ကမ်းနားတန်းဟုခေါ်သည့် ကျောက်မှော်ဦးရပ်ကွက်တွင် မိသားစုဝင် ၃ ဦးရှိသည့် အိမ်ထောင်တစ်စုလျှင် ဆန် ၈ ပြည်၊ ကြက်ဥ ၁၀ လုံး၊ ဆီ ၅၀ ကျပ်သား၊ ဆား ၁ ထုပ်၊ ငပိ ၂ ထုပ်စီနှင့် မိသားစုဝင် ၄ ဦးနှင့် အထက် ရှိသည့် အိမ်ထောင်စုတစ်စုကို ဆန် ၁၀ ပြည် ကြက်ဥ ၁၀ လုံး၊ ဆီ ၅၀ ကျပ်သား၊ ဆား၁ထုပ်၊ ငပိ ၂ ထုပ် လှူဒါန်းခဲ့ကြောင်း သိရသည်။







