မကွေးလေတပ်မှ စစ်သည် ၃၆ ဦး လက်နက်များနှင့်အတူ ပြည်သူနှင့်ပူးပေါင်း

မကွေးလေတပ်မှ စစ်သည် ၃၆ ဦး လက်နက်များနှင့်အတူ ပြည်သူနှင့်ပူးပေါင်း

အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ မကွေးလေတပ်စခန်းက စစ်သည် ၃၆ ဦး လက်နက်များယူဆောင်၍ ပြည့်သူရင်ခွင်ခိုလှုံသည့် ပြည်သူ့စစ်သားအဖြစ် ပူးပေါင်းလာကြောင်း မကွေးတိုင်းပြည်သူ့ကာကွယ်ရေး တပ်မတော်၏ အဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောသည်။

လူမှုကွန်ယက်စာမျက်နှာတွင် ထိုသတင်းတက်လာ၍ ဆက်သွယ်မေးမြန်းရာ ၎င်းက အထက်ပါအတိုင်း အတည်ပြုဖြေကြားခဲ့ခြင်းဖြစ်သည်။

ယခုနောက်ပိုင်း ပြည်သူဘက်ပူးပေါင်းမည့် CDM စစ်သားသည်များသည် တစ်ယောက်ချင်း နှစ်ယောက်ချင်း တပ်ကိုမစွန့်ခွာတော့ဘဲ အုပ်စုလိုက်စွန့်ခွာလာကြပြီး ၃၆ ဦးစလုံး လွတ်မြောက်နယ်မြေ ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းကပြောသည်။

“CDM လုပ်လာတဲ့ စစ်သားတွေရဲ့ လုံခြုံရေးကို သက်ဆိုင်ရာ PDF တွေက ရာနှုန်းပြည့် တာဝန်ယူထားပါတယ်" ဟု မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

မကွေးလေတပ်စခန်းအား ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းကလည်း ရှော့တိုက်ဒုံးနှင့် တစ်ကြိမ် ပစ်ခံရပြီး၊ ဩဂုတ် ၈ ရက်နေ့ကလည်း လေတပ်စခန်းထဲတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုကြောင့် တိုက်လေယာဉ် ခြောက်စီး ထိမှန်ခဲ့သည်။

ထိုဖြစ်စဉ်များသည် အတွင်းလူအခံမရှိဘဲ မဖြစ်နိုင်ကြောင်း မကွေးမြို့ရှိ ဒေသခံများက ခန့်မှန်းပြောဆိုနေကြသည်။

နောက်ပိုင်းတွင် လုံခြုံရေးတင်းကြပ်ထားသည့် လေတပ်စခန်းတစ်ခုအတွင်း ဗုံးဖောက်ခွဲမှုကို ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်က ၎င်းတို့ လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ယင်းသို့ လုပ်ဆောင်ရာတွင် မဟာမိတ်တပ်ပေါင်းစုအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း တပ်မတော်သားများအနေဖြင့် စစ်အုပ်စု၏ အကျိုးစီးပွားကို အသက်ပေးကာကွယ်မည့်အစား ပြည်သူ့ဘက်ရပ်တည်ကြရန် ထည့်သွင်းထုတ်ပြန်ထားသည်။

ယခုရက်ပိုင်း အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံတပ်မှ ထွက်ပြေးသူအများအများရှိနေပြီး NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းလာသူ ၁၅၀၀ ကျော်ခန့်ရှိကြောင်း ခန့်မှန်းပြောဆိုထားကြသည်။

ဩဂုတ် ၁၉ ရက်နေ့ကလည်း မကွေးတိုင်းဒေသကြီး အောင်လံမြို့ အရှေ့ဘက်ရှိ စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (၁၅) မှ စစ်ဗိုလ်တစ်ဦးအပါအဝင် တပ်သား ၁၅ ယောက်ထွက်ပြေးခဲ့ကြောင်း တပ်သားတစ်ယောက် ကပစတပ်နှင့်နီးစပ်သည့် အောင်လံမြို့ခံတစ်ဦး ပြောသည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...