မကွေးမြို့ပေါ်တွင် စားရေးသောက်ရေး အခက်အခဲဖြစ်နေသည့် မိသားစု ၁၂၀ အတွက် ဂျာမေ့ဗလီ သာရေးနာရေးအဖွဲ့က ပစ္စည်းလေးမျိုးကို ဈေးနှုန်းချိုသာစွာဖြင့် သြဂုတ်လ ၂၀ ရက်က ထပ်မံရောင်းချပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။
မကွေးမြို့၊ ကင်းရပ်ကွက်အတွင်းရှိ စားရေးသောက်ရေး ခက်ခဲနေသည့် မိသားစုများကို ဆန်တစ်ပြည်၊ ဆီ ၂၀ ကျပ်သား၊ ကြက်သွန်နီ ၇၅ ကျပ်သားနှင့် ကြက်ဥ ၅ လုံးပါ ပစ္စည်းလေးမျိုးကို ၅၀၀ ကျပ်ဖြင့် ၁၃ ကြိမ်မြောက် ရောင်းချပေးခြင်းဖြစ်ကြောင်း မကွေးမြို့ ဂျာမေ့ဗလီသာရေးနာရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။
ယခုအချိန်သည် လူတိုင်း အဆင်မပြေဖြစ်နေပြီး စစ်ကောင်စီတပ်၏ နေ့မထွက်ရအမိန့်ကြောင့် တနေ့လုပ်တနေ့စားများ၊ အလုပ်အကိုင်မရှိ ဝင်ငွေမရှိဖြစ်နေကြကြောင်း ကင်းရပ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
"ဒီလိုဈေးသက်သက်သာသာ လာရောင်းပေးတာကို ကျေးဇူးတင်နေတာ။ ဘာပဲပြောပြော ငါးရာ တစ်ထောင်လောက်ကတော့ ရပ်ကွက်အတွင်း အချင်းချင်း ပြန်လှည့် ချေးငှါးလို့ရတယ်လေ" ဟု ၎င်းပြောသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းပြီးနောက်ပိုင်း ငွေကြေးတတ်နိုင်သူများအနေဖြင့် စားဝတ်နေရေး အဆင်ပြေအောင် ဖြေရှင်းနိုင်သော်လည်း အခြေခံလူတန်းစားအများစုက အလုပ်အကိုင် အခက်အခဲဖြစ်လာခြင်း သွားရေးလာရေး အခက်အခဲဖြစ်လာခြင်းနှင့် ကျန်းမာရေး ဆေးကုန်သရန်အတွက်လည်း အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု ဒေသခံများက ဆိုသည်။
ပြည်သူမှပြည်သူသို့ ကူညီလှူဒါန်းမှုအစီအစဉ်ဖြင့် ဖြေရှင်းနေရပြီး ဥပဒေအမျိုးမျိုးကြောင့် ပြည်သူများ အခက်ကြုံရသည်ဟု မကွေးမြို့က ပရဟိတအသင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“အမှန်တကယ် ဒုက္ခရောက်နေသူတွေကို အလှူရှင်တွေ ပရဟိတအသင်းတွေ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပြည်သူမှပြည်သူသို့ ကူညီလို့ အသက်ရှင်ခွင့်ရနေကြတာ။"
ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ ကျန်းမာရေးအတွက် လိုအပ်လျှက်ရှိသော အောက်စီဂျင်တိုင်းစက်၊ Mask ဗူးများနှင့် စားသောက်ကုန်များကို မကွေး၊ မင်းဘူးနှင့် ချောက်မြို့များရှိ အစ္စလာမ်ဘာသာဝင်များက သြဂုတ်လ ၉ ရက်နေ့ကစတင်၍ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။







