တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အပြင်ထွက်ခွင့်လက်မှတ်ဖြင့်သာ သွားလာခွင့်ရမည်ဖြစ်ကြောင်း မြို့အတွင်း လိုက်လံကြေညာခဲ့သည်ဟု ဒေသခံများက ပြောသည်။
သက်ဆိုင်ရာမှ စစ်ဆေးပါက အကြောင်းပြချက်ခိုင်လုံစွာ ပြောနိုင်ရမည်ဖြစ်ပြီး ထုတ်ပြန်ကြေညာထားသည့် သတ်မှတ်စည်းကမ်းချက်များအား မလိုက်နာပါက ထောင်ဒါဏ် တစ်နှစ် အရေးယူခံရမည်ဟု ဩဂုတ်လ ၁၉ ရက်နေ့က အသံချဲ့စက်တင်ကားဖြင့် လိုက်လံကြေညာနေသည်ဟု ပြောသည်။
သြဂုတ်လ ၂၁ ရက်နေ့မှ စက်တင်ဘာလ ၂၀ ရက်နေ့အထိ Stay at home အဖြစ်သတ်မှတ်မည်ဖြစ်ပြီး အပြင်ထွက်ခွင့်လက်မှတ်အား အိမ်ထောင်စုတစ်စုလျှင် တစ်စောင်သာ ထုတ်ပေးမည်ဖြစ်ပြီး လက်မှတ်ကို သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများထံတွင် ထုတ်ယူရမည်ဟု ဆိုသည်။
မြိတ်မြို့ Stay at home ကာလကို တစ်လသတ်မှတ်ထားပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့ကျလာသည့် အခြေအနေပေါ်မူတည်၍ ပြန်လည်လျှော့ပေါ့ ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးအမိန့်ဖြင့် ထုတ်ပြန်ကြေငြာခဲ့သည်။
မြို့ပေါ်ရှိ ဈေးများ၊ ဆေးဆိုင်များ ကဲ့သို့သော နေရာများတွင် လူစု၊ လူဝေး ဖြစ်နေဆဲဖြစ်၍ ယခုကဲ့သို့ သတ်မှတ်ခြင်းဖြစ်ကြောင်း သို့သော် ယခင် ဖွင့်ခွင့်ပြုထားသည့် ဈေးဆိုင်များအားလုံးကို ပုံမှန်အတိုင်း ဆက်ဖွင့်ခွင့်ပြုမည်ဖြစ်ကြောင်း ကြေငြာချက်တွင် ပါရှိသည်။
ယခုကဲ့သို့ အချိန်နီးကပ်ပြီး အမိန့်ထုတ်ခြင်းထက် အခြေခံလူတန်းစားများအတွက် ကြိုတင်စီစဉ်မှုများ လုပ်ဆောင်သင့်ကြောင်း၊ ထို့အပြင် Stay at Home သတ်မှတ်ထုတ်ပြန်ခြင်းထက် နေ့စားအလုပ်သမားများ အခြေခံလူတန်းစားများအတွက် စဉ်းစားပြီး အခြားနည်းလမ်းများ ရွေးချယ်သင့်ကြောင်း မြို့သစ်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
အဆိုပါ အမိန့်ကြော်ငြာပြီး သြဂုတ် ၂၀ ရက်နေ့တွင် မြိတ်မြို့ပေါ်၌ ဆန်ဆိုင်များ၊ စားသောက်ကုန်ရောင်းသည့် ကုန်စုံပစ္စည်းဆိုင်များ၊ ဆေးဆိုင်များတွင် ပြည်သူများစိုးရိမ်ထိတ်လန့်စွာ တိုးဝှေ့ဝယ်ယူလျက်ရှိနေပြီး၊ Wave Money, KBZ Pay စသည့်ငွေလွှဲသည့် နေရာများတွင်လည်း ငွေထုတ်မရသည့် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်ဟု ဒေသခံများက ပြောသည်။
အပြင်ထွက်ခွင့် လက်မှတ်ကိုင်ဆောင်သူသည် ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များဖြစ်သည့် နှာခေါင်းစည်းတပ်ခြင်း၊ ခြောက်ပေအကွာမှ ဈေးဝယ်ခြင်း စသည်တို့ကို လိုက်နာရမည်ဖြစ်ပြီး အရေးပေါ် ကျန်းမာရေးကိစ္စရပ်အတွက်မူ တစ်အိမ်လျှင် လူ ၂ ဦး ထွက်ခွင့်ရမည်ဟု ထုတ်ပြန်ထားသည်။
မြိတ်မြို့ပေါ်တွင် ရပ်ကွက် ၁၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂ အုပ်စု ရှိသည်။ မြိတ်မြို့တွင်သာမက ထားဝယ်မြို့၊ ကော့သောင်းမြို့များတွင်လည်း သြဂုတ် ၂၁ ရက်နေ့မှစတင်၍ Stay at home အစီအစဉ် တပြိုင်နက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြိတ်မြို့ တွင် Stay at home သတ်မှတ်သည့် ကိစ္စနှင့်ပတ်သက်၍ အကြောင်းစုံသိရှိနိုင်ရန် မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူးထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။







