အမျိုးသမီးတစ်ဦးအား ဓါးချွန်ဖြင့် ၈ ချက်ထိုးခဲ့သူအား ဖမ်းမိ

အမျိုးသမီးတစ်ဦးအား ဓါးချွန်ဖြင့် ၈ ချက်ထိုးခဲ့သူအား ဖမ်းမိ

တနင်္သာရီတိုင်းအတွင်း အမျိုးသမီးတစ်ဦးကို သုံးမြှောင့်ဓါးဖြင့်ထိုးကာ ထွက်ပြေးတိမ်းရှောင်နေသူအား ရွာသားများ၏ ကြိုးစားအားထုတ်မှုဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း မင်းထိန်ရွာသားများက ပြောသည်။

သြဂုတ် ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ဓားဖြင့်ထိုးသွားသည့် မြိတ်ခရိုင်၊ ပုလောမြို့နယ် မင်းထိန်ကျေးရွာက သာထူးဆိုသူကို သြဂုတ် ၁၉ ရက်နေ့ နေ့လည်ပိုင်းတွင် ကျေးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း ဖမ်းဆီးရခဲ့ခြင်းဖြစ်သည်ဟု မင်းထိန်ကျေးရွာသားများက ပြောသည်။

ဆေးကြောင်နေသည်ဟု ယူဆရသော သာထူးဆိုသူသည် မသန္တာအောင်ကို သုံးမြှောင့်ချွန်ဓားဖြင့် ၈ ချက်ထိုးပြီး တောင်ယာများရှိရာဘက်သို့ ထွက်ပြေးသွားပြီး ပုန်းအောင်းနေခဲ့ကြောင်း၊ ညဘက်ရောက်သောအခါ မင်းထိန်ကျေးရွာ ဘုန်းကြီးကျောင်းအနောက်တွင် ဝင်ရောက်ပုန်းကာ အိပ်စက်ခဲ့ကြောင်း သာထူးကို မေးမြန်းစစ်ဆေးခဲ့သော မင်းထိန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးနိုင်ဦးက ပြောသည်။

ယင်းကဲ့သို့ ပုန်းခိုနေစဉ် သာထူးသည် ဗိုက်ဆာလာသည့်အတွက် ဘုန်းကြီးကျောင်းတွင် ထမင်းသွားတောင်းခဲ့ရာ ယင်းကျောင်းရှိ ဆရာတော်မှ အုပ်ချုပ်ရေးမှူးထံ ဆက်သွယ်သတင်းပေးခဲ့ခြင်းကြောင့် သာထူး၏ မိသားစုဝင်များနှင့်အတူ သွားရောက်ဖျောင်းဖျကာ အဖမ်းခံရန်ပြောဆိုပြီး ပုလောမြို့မရဲစခန်းသို့ သွားရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

“စခန်းကိုရောက်နေပါပြီ။ မင်းထိန်က အုပ်ချုပ်ရေးမှူးနဲ့ ရွာသားတွေ ဖမ်းပြီးလာပို့သွားတာ၊ ဥပဒေကြောင်းအရ အရေးယူနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ပုလောမြို့မရဲစခန်းရှိ တာဝန်ကျ ရဲအရာရှိတစ်ဦးက အတည်ပြုပြောသည်။

လက်ရှိတွင် သာထူးကို ပုလောမြို့မရဲစခန်းတွင် ဖမ်းဆီးချူပ်နှောင်ထားပြီး ကနဦးစစ်ဆေးရာတွင် တရားခံ သာထူးသည် နေအိမ်အတွင်း ထိုင်နေစဉ် မျက်နှာချင်းဆိုင်အိမ်ရှေ့ရှိ မသန္တာအောင်က ၎င်း၏မိသားစုကို ဆဲဆိုပြောနေသည်ဟု နားထဲကြားယောင်ခဲ့ခြင်းကြောင့် ၆ လက်မအရှည်ရှိ သုံးမြှောင့်ချွန်ဓားဖြင့် ၈ ချက်ထိုးခဲ့ခြင်းဖြစ်ကြောင်း ကနဦးထွက်ဆိုထားသည်ဟု ရဲအရာရှိက ပြောသည်။

ဓါးထိုးခံရသူ မသန္တာအောင်က လက်ရှိတွင် ပုလောမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိပြီး အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးဟု သိရသည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...