ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် MNDAA (ကိုးကန့်) တပ်တို့အကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကြူကုတ် (ပန်ဆိုင်း) မြို့အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများနှင့် ရပ်မိရပ်ဖများက ပြောသည်။
ဩဂုတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းမှ မွန်းလွှဲပိုင်းအထိ ကြူကုတ် (ပန်ဆိုင်း) မြို့အတွင်းရှိ ရဲစခန်းနေရာအပါအဝင် နေရာအချို့တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ကချင်ခရစ်ယာန်ဘုရားရှိခိုးကျောင်းဝန်းနှင့် မူလတန်းကျောင်းဝန်းထဲသို့ လက်နက်ကြီးကျည် တစ်လုံးစီ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းအတွင်းက ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပန်ဆိုင်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ပန်ဆိုင်းမှာက မနက်ကတည်းကနေဖြစ်တာ ဟုတ်တယ်။ နေ့လည် ၂ နာရီ ၃ နာရီလောက်မှ အသံတွေ တိတ်သွားတာ။ ဒီမြို့ထဲမှာကို ဖြစ်တာပေါ့နော်။ ရဲစခန်းနားမှာလည်း ပစ်ခတ်နေကြတာပေါ့။ ဘုရားကျောင်းဝန်းကလည်း ရဲစခန်းနားမှာပဲရှိတာဆိုတော့ အဲ့မှာလည်း လက်နက်ကြီးတစ်လုံးကျတယ်။ ဘုရားကျောင်းနားမှာ ပညာ သင်ကျောင်းပြန်ရှိတော့ အဲ့မှာလည်း တစ်လုံးပြန်ကျ။ အဲ့ထဲကမှာ လူတွေနေတယ်လေ အဲ့ကလူတစ်ယောက် ထိသွားတယ်။ ဘယ်လောက်ထိသွားလည်းတော့ မသွားတော့ မသိဘူး။ ဘယ်သူမှ အပြင်သိပ်မထွက်တော့ဘူး။ ညမှာလည်း တိုက်ပွဲပြန်ဖြစ်လာမှာ ကြောက်နေရတယ်” ဟု ပန်ဆိုင်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ပန်ဆိုင်းဒေသခံများသည် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်နေကြပြီး လုံခြုံမှုမရှိတော့သည့် အနေအထားမျိုး ရောက်နေသည်ဟု ဒေသခံများက ပြောသည်။
ဩဂုတ်လ ပထမအပတ်မှစတင်၍ ယနေ့အချိန်ထိဖြစ်ပွားနေသည့် ပန်ဆိုင်းမြို့နှင့် အနီးအနားကျေးရွာများအပြင် မုံးကိုး (ဖောင်းဆိုင်) နားတဝိုက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မြန်မာ-တရုတ်နယ်စပ် တစ်လျှောက်တွင် ဒေသခံပြည် ၁၄၀၄ ဦး တဲများထိုးကာ နေနေကြရပြီး ယနေ့အချိန်ထိလည်း နေရပ်မပြန်နိုင်သေးဟု ဖောင်းဆိုင်ကျေးရွာက ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
“ဦးလေးတို့ မုံးကိုး (ဖောင်းဆိုင်) နဲ့ ပန်ဆိုင်းက ၃ မိုင်လောက်ပဲဝေးတယ်။ ဒီနေ့မနက် ပန်ဆိုင်းမှာဖြစ်တဲ့ တိုက်ပွဲလည်း အသံအကျယ်ကြီးကြားနေရတာဟုတ်တယ်။ တရုတ်သချိုင်းနားမှာလည်းဖြစ်တယ်။ ပန်ဆိုင်းမြို့ထဲမှာလည်းဖြစ်တယ်၊ ဒီလ ၃ ရက်နေ့လောက်ကနေ ဖြစ်တာ။ ရွာသားတွေအားလုံးက ညဆို ဘယ်သူမှ ရွာပြန်မအိပ်ကြတော့ဘူးနော်။ မနက်ဆိုရင်တော့ လင်းနေသေးတဲ့အချိန်ထိတော့ ခြံရှိတဲ့လူက ခြံသွား၊ တောင်ရာရှိတဲ့လူလည်း တောင်ရာသွားတယ်။ ညဆိုရင်တော့ အခုနေတဲ့ ဒီနယ်စပ်က တဲမှာပဲ ပြန်လာအိပ်ကြတာ။”
စစ်ကောင်စီတပ်နှင့် MNDAA (ကိုးကန့်) တပ်တို့အကြား ဖြစ်ပွားခဲ့သည့် အဆိုပါဒေသတလျှောက်က တိုက်ပွဲများကြောင့် ယနေ့တွင်လည်း မြန်မာ-တရုတ် နယ်စပ်တစ်လျှောက်က ဒေသခံများ စစ်ဘေးရှောင်နေသည့် နေရာသို့ စစ်ရှောင်ပြည်သူအသစ်များ ထပ်တိုးလာသည်ဟု ဖောင်းဆိုင်ကျေးရွာက စစ်ရှောင်တစ်ဦးက ပြောသည်။
“လူတွေက မုံးကိုး (ဖောင်းဆိုင်) မှာဆို ညဆိုရင် ဘယ်သူမှမရှိတော့ဘူးနော်။ အဲ့လိုပဲ ဒီနေ့ဆို ပန်ဆိုင်းမြို့ထဲမှာကို တိုက်ပွဲက ပြန်ဖြစ်လာတော့ အားလုံးက ငါတို့ကိုလည်း စာရင်းမှာထည့်ပေးပါ၊ ငါတို့လည်း အိမ်မှာမနေရဲတော့ဘူးဆိုပြီး စာရင်းအသစ်နော်၊ နာမည်စာရင်းလာပေးတာတွေ အများကြီးပဲ။ ဒီနေ့တော့ တိုက်ပွဲကလည်း တနေကုန်လောက်ဖြစ်တော့ စာရင်းလည်း မကောက်နိုင်သေးဘူး။ အားလုံးရှိတဲ့တဲတွေမှာ ခွဲနေကြတယ်။ အခုလောလောဆယ်တော့ ဒီအတိုင်းပဲနေနေရသေးတယ်။”
မုံးကိုးဒေသအတွင်း ဒေသခံပြည်သူစစ်တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့က စစ်ရေးလှုပ်ရှားမှုများ၊ စစ်အင်အား လူအင်အားတိုးချဲ့မှုများ ပြုလုပ်နေသည့်အတွက် အဆိုပါတပ်ဖွဲ့များနှင့် MNDAA ကိုးကန့်တပ်ဖွဲ့တို့အကြား ဩဂုတ်လ ၁၈ ရက်နေ့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု The Kokang ၏ လူမှုကွန်ယက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
စစ်ရှောင်အိမ်ထောင်စု ၂၈၀ ကျော်အတွက် ဩဂုတ်လ ဒုတိယအပတ်က ကွတ်ခိုင်မြို့က လူငယ်များနှင့် အဖွဲ့အစည်းအချို့က စစ်ရှောင်များ အရေးပေါ်လိုအပ်နေသည့် ကိုဗစ်-၁၉ ရောဂါဂာာကွယ်ရေးသုံး ပစ္စည်းအချို့၊ မိုးကာ၊ အခင်းနှင့် အိမ်သာသုံးပစ္စည်းအချို့ကို လာရောက်လှူဒါန်းမှုများရှိသည်ဟု စစ်ရှောင်များက ပြောသည်။
သို့သော် တိုက်ပွဲများ ဆက်ဖြစ်နေသည့်အတွက် စစ်ရှောင်များ ထပ်တိုးလာနေသည့်အတွက် ရေရှည်တွင် နေရေးထိုင်ရေးအပြင် အစားအသောက်၊ ဆေးဝါးများနှင့် ရိက္ခာလိုအပ်မှုများ ပိုများလာနိုင်သည်ဟု စစ်ရှောင်များက ပြောသည်။
ဓါတ်ပုံ - MNWM







