ဧရာဝတီတိုင်း ပုသိမ်မြို့တွင် စစ်ကောင်စီအပေါ် အယုံအကြည်မရှိသဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးသူများရှိနေသည်ဟု ဒေသခံများက ပြောသည်။
ထိုသို့ ကာကွယ်ဆေးမထိုးသူများတွင် ရာအိမ်မှူးများလည်းပါဝင်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။
တရုတ်နိုင်ငံမှ အပိုဆောင်းအဆစ်ပေးသည့် တရုတ်နိုင်ငံလုပ်ဆေးဖြစ်နေမည်နှင့် သတ်မှတ်ရက်ထက် ကျော်လွန်နေသော ဆေးများထိုးပေးမည်ကို သင်္ကါမကင်း စိုးရိမ်မှုဖြစ်နေသည့်အပြင် စစ်ကောင်စီအပေါ် ယုံကြည်မှုမရှိခြင်းတို့ကြောင့် ဆေးထိုးရန် အခွင့်အရေးရှိသော်လည်း ဆေးမထိုးကြခြင်းဖြစ်သည်ဟု ပြောသည်။
"ရပ်ကွက်ထဲမှာ ဆေးသွားထိုးသူလည်းရှိတယ်။ မထိုးသူလည်းရှိတယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေထဲကလည်း ထိုးသူရှိတယ်။ မထိုးသူလည်းရှိတယ်။ အတင်းအကြပ် မထိုးခိုင်းဘူး" ဟု ပုသိမ်မြို့က ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပုသိမ်မြို့အတွင်းရှိ အုပ်ချုပ်ရေးအဖွဲ့ဝင် ရာအိမ်မှူး ၂၀ ဦးကျော်ရှိသည့် ရပ်ကွက်တခုတွင် ရာအိမ်မှူး ၈ ဦးခန့်သာ ကိုဗစ်ကာကွယ်ဆေးထိုးကြပြီး အများစုက ဆေးမထိုးဘဲ ထိုးပြီးကြောင်း စာရင်းပေးသွင်းလျက်ရှိသည်ဟု စစ်ကောင်စီ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးခွင့်ရရှိသူ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ဆေးမထိုးကြသည့် အဓိကအချက်များမှာ တရုတ်နိုင်ငံကဲ့သို့ ယုံကြည်မှုမရသည့် နိုင်ငံထုတ် ဆေးအညံ့စားဖြစ်နေသည့်အချက်၊ တာဝန်ယူမှု တာဝန်ခံမှုမရှိသည့်သူများက ဝါဒဖြန့်ကောင်းရုံသက်သက် စီမံခန့်ခွဲထိုးပေးနေမှုများကြောင့် ဆေးမထိုးရခြင်းဖြစ်သည်ဟု အသက် ၆၇ နှစ်အရွယ် ကိုဗစ်-၁၉ ဆေးမထိုးသည့် အမျိုးသားတစ်ဦးက ပြောသည်။
"အဓိက ကတော့ ဘယ်လိုမှ ယုံကြည်လို့မရတဲ့ တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့သူတွေ စီမံတာဆိုတော့ ယုံကြည်မှုမရှိလို့ မထိုးတာပါ။"
ဇွန်လကုန်ခန့်က ရဲတပ်ဖွဲ့ဝင်များကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးပြီးနောက် ဧရာဝတီတိုင်းအတွင်းက ရဲတပ်ဖွဲ့ဝင်အများအပြား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ရုံးအနီး ရပ်ကွက်ရှိ ဒေသခံများက ပြောသည်။
သြဂုတ်လ ၁၀ ရက်နေ့မှစတင်၍ ၁၂ ရက်နေ့အထိ အသက် ၆၅ နှစ်နှင့်အထက် အရွယ်ရှိသူများနှင့်၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပေးခြင်းဖြစ်သည်ဟု ရပ်ကွက်အုပ်ချုပ်ရေးရုံး အဖွဲ့ဝင်အချို့နှင့် ဒေသခံများက ပြောသည်။
လက်ရှိတွင် ဆေးထိုးခွင့်ရရှိသူအရေအတွက်နှင့် ဆေးလာရောက်ထိုးသူအရေအတွက်ကို မပြောပြနိုင်သေးဘူးဟုလည်း ပုသိမ်မြို့ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်တပ်အာဏာမသိမ်းမီ NLD အစိုးရလက်ထက် အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများနည်းတူ ပုသိမ်မြို့အတွင်းရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများနှင့် အစိုးရအဖွဲ့ဝင်များကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမဆုံးအသုတ်အဖြစ်ထိုးခဲ့ကြောင်း တိုင်းကျန်းမာရေးဦးစီးဌာန မှတ်တမ်းအရ သိရသည်။







