ရခိုင်တွင် ကိုဗစ်ကြောင့် သေဆုံးမှုနှုန်း လျော့ကျသွားသော်လည်း နေ့စဉ်သေဆုံးမှုရှိနေသေး၍ မပေါ့ဆကြရန် ပြည်နယ်ကျန်းမာရေးဌာနက သတိပေး

ရခိုင်တွင် ကိုဗစ်ကြောင့် သေဆုံးမှုနှုန်း လျော့ကျသွားသော်လည်း နေ့စဉ်သေဆုံးမှုရှိနေသေး၍ မပေါ့ဆကြရန် ပြည်နယ်ကျန်းမာရေးဌာနက သတိပေး

ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိမှုနှင့် သေဆုံးသူဦးရေမှာ ယခုသြဂုတ်လအတွင်း လျော့နည်းသွားသော်လည်း ကိုဗစ်ကြောင့် နေ့စဉ်သေဆုံးမှုများရှိနေသေးကြောင်း စစ်တမ်းများအရ သိရသည်။

ကိုဗစ်တတိယလှိုင်း ပြင်းထန်ခဲ့ချိန်ပထမသုံးလအတွင််း ကိုဗစ်ရောဂါပိုး စစ်ဆေးသူ ၁၀၀ တွင် ၅၈ ဦးအထိ ရောဂါပိုးတွေ့ရှိခဲ့သော်လည်း ယခုသြဂုတ်လအတွင်း ရောဂါကူးစက်သူနှင့် သေဆုံးသူဦးရေမှာ သိသိသာသာလျော့နည်းသွားသည့် အခြေအနေတွင်ရှိနေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“ဇူလိုင်လ နောက်ဆုံးအပတ်အထိ ရောဂါပိုးတွေ့ရှိနှုန်းက ၁၀၀ မှာ ၅၀ ကျော်လောက်က ရောဂါပိုးတွေ့ရှိတာ သိရတယ်။ ဒါပေမဲ့ ဒီလအထဲမှာတော့ နည်းနည်းလေး လျော့ကျသွားပေမဲ့ လူ ၁၀၀ စစ်ရင် ၃၀ လောက်ကတော့ တွေ့နေသေးတယ်။ အဲဒါကြောင့် ပိုးတွေ့နှုန်းတွေ၊ သေဆုံးနှုန်းတွေလျော့ကျသွားတယ်လို့ ပြောဖို့က နည်းနည်းလောက် စောနေသေးတယ်လို့ထင်တယ်” ဟု သူကပြောသည်။

ရောဂါပိုးတွေ့နှုန်းနှင့် သေဆုံးမှုများလျော့ကျလာသော်လည်း ရောဂါပိုးသည် မိမိပတ်ဝန်းကျင်တွင် ရှိနေသည့်အတွက် မိမိထံ အချိန်မရွေးကူးစက်လာနိုင်သည့်အတွက် အတတ်နိုင်ဆုံး ကာကွယ်သင့်သည်ဟုလည်း ဒေါက်တာစိုးဝင်းပိုင်က ဆက်ပြောသည်။

“တစ်ဦးတစ်ယောက်ချင်းက အသိသတိနဲ့ ကိုယ့်ကိုမကူးစက်နိုင်အောင် နေဖို့လိုတယ်။ လူစုလူဝေးမလုပ်ဖို့၊ အလိုမရှိဘဲ အိမ်ပြင်မထွက်ဖို့ လိုတယ်။ ကာကွယ်ဆေးကိုလည်း အတတ်နိုင်ဆုံးထိုးသင့်တယ်။ ကိုဗစ်စည်းကမ်းနဲ့အညီ လက်ဆေး၊ mask တပ်တာတွေလည်း လုပ်သင့်တယ်။ ဒါတွေနဲ့ပဲ ကိုယ့်ကိုမကူးစက်နိုင်အောင် ကာကွယ်သင့်တယ်” ဟု ဒေါက်တာစိုးဝင်းပိုင်က ဆက်ပြောသည်။

လက်ရှိရခိုင်ပြည်နယ်တွင် မေလ ၁၂ ရက်နေ့မှ  သြဂုတ်လ ၁၇ ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ ၃၆၈၆ ဦးအထိရှိပြီး ဆေးရုံဆင်းခွင့်ရသူဦးရေ ၂၉၂၁ ဦးနှင့် ကုသဆဲလူနာ ၄၄၅ ဦးအထိရှိကြောင်း သိရသည်။

ကိုဗစ်အတည်ပြုလူနာများထဲမှ သေဆုံးလူနာမှာ ၃၄၄ ဦးအထိရှိနေပြီး ကိုဗစ်အတည်ပြုသေဆုံးလူနာများမှာ စစ်တွေတွင် ၈၉ ဦး၊ ပုဏ္ဏားကျွန်းတွင် ၇ ဦး၊ ပေါက်တော ၁၀ ဦး၊  ရသေ့တောင် ၇ ဦး၊ မြောက်ဦး ၁၂ ဦး၊ ကျောက်တော် ၁၇ ဦး၊ မင်းပြား ၁၀ ဦး၊ ကျောက်ဖြူ ၃၀ ဦး၊ ရမ်းဗြဲ ၆ ဦး၊ မာန်အောင် ၁၁ ဦး၊ အမ်း ၁၁ ဦး၊ သံတွဲ ၃၀ ဦး၊ တောင်ကုတ် ၆၄ ဦး၊ ဂွ ၁၄ ဦး၊ မောင်တော ၁၇ ဦးနှင့် ဘူးသီးတောင် ၅ ဦးတို့ဖြစ်ကြသည်။

ထိုအထဲတွင် စစ်တွေသည် သေဆုံးမှုအများဆုံးမြို့နယ်ဖြစ်ပြီး တောင်ကုတ်သည် ဒုတိယသေဆုံးမှု အများဆုံးမြို့နယ်ဖြစ်ကြောင်း သိရသည်။

 
 

 

 

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...