ပန်ဆိုင်းစစ်ဘေးရှောင်များ မဝင်ရောက်နိုင်ရန် တရုတ်ဘက်မှ ခြံစည်းရိုးတည်ဆောက်

ပန်ဆိုင်းစစ်ဘေးရှောင်များ မဝင်ရောက်နိုင်ရန် တရုတ်ဘက်မှ ခြံစည်းရိုးတည်ဆောက်
ဓာတ်ပုံ - Mai (MNWM)
ဓာတ်ပုံ - Mai (MNWM)

စစ်ဘေးရှောင်များ ဝင်ရောက်နိုင်ခြင်းမရှိစေရန်အတွက် မြန်မာ-တရုတ်နယ်စပ် ပန်ဆိုင်းစစ်ဘေးရှောင် တဲထိုးနေနေသည့် နေရာတလျှောက်တွင် ယခုသီတင်းပတ်အတွင်း တရုတ်ဘက်က ခြံစည်းရိုးတည်ဆောက်နေသည်ဟု စစ်ရှောင်များက ပြောသည်။

ဩဂုတ်လ ဆန်းပိုင်းက စစ်ကောင်စီတပ်နှင့် MNDAA (ကိုးကန့်) တပ်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ပန်ဆိုင်းမြို့အတွင်းရှိ ကျေးရွာပေါင်း (၇) ရွာက ဒေသခံပြည်သူများ မြန်မာ-တရုတ်နယ်စပ် ကျောက်တိုင်အနီး စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး ယခုခါ တရုတ်နိုင်ငံဘက်ခြမ်းက ခြံစည်းရိုးတည်ဆောက်နေသည်ဟု ပြောသည်။

ပန်ဆိုင်းမြို့ခံတစ်ဦးက “တရုတ်က ဆောက်နေတယ်ဆိုတာ ဟုတ်တယ်။ စစ်ရှောင်တွေရောက်ပြီး တစ်ရက်နှစ်ရက်ဆို သူတို့က ဆောက်နေပြီ” ဟု ပြောသည်။

စစ်ဘေးရှောင်များသည် နယ်စပ်တစ်လျှောက် မြန်မာဘက်ခြမ်းရှိ နေရာ ၃ နေရာတွင် မိုးကာတဲများထိုးပြီး စစ်ဘေးရှောင်နေကြရသည့်အတွက် တရုတ်ပြည်ဘက်ခြမ်းက ၎င်းတို့ဘက်သို့ မဝင်ရောက်လာဖို့ ခြံစည်းရိုးများ ယခုရက်ပိုင်းအတွင်း အမြန်တည်ဆောက်နေခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

၎င်းက "မိုးတွင်းကာလဖြစ်တာကြောင့် ရေကြီးမှာကိုလည်း ကြောက်တယ်။ ကျန်းမာရေးမကောင်းမှာကိုလည်း စိုးရိမ်တယ်” ဟု ပြောသည်။

ယခုထွက်ပြေးနေရသည့် စစ်ဘေးရှောင်ပြည်သူများသည် ၂၀၁၁ ခုနှစ်က တစ်ကြိမ်၊ ၂၀၁၆ ခုနှစ်က တစ်ကြိမ်၊ ၂၀၂၁ ခုနှစ် ယခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ် စစ်ဘေးရှောင်ခဲ့ရခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ် ဦးသိန်းစိန်လက်ထက်တွင် တရုတ်နိုင်ငံဘက်ခြမ်းက စားနပ်ရိက္ခာအချို့ တစ်ကြိမ် လာရောက်ကူညီပေးခဲ့ဖူးသည်ဟု ဒေသခံ စစ်ရှောင်များက ပြောသည်။

အမည်မဖော်လိုသူ စစ်ရှောင်တစ်ဦးက "အရင်ကဆို ဒီနယ်စပ်အုတ်မြစ်ကိုကျော်ပြီး စစ်ဘေးတိမ်းရှောင်လို့ရတယ်။ အခုတော့ ဒီမှာက ကလေးငယ်တွေ ကိုယ်ဝန်ဆောင်တွေရောရှိတယ်။ ဒီအုတ်မြစ်မှာ ခြံစည်းရိုး မြန်မြန်လာလုပ်တော့ တော်တော်လေးကို စိတ်မကောင်းဖြစ်ရတယ်" ဟု ပြောသည်။

လက်ရှိအကြိမ်တွင် တရုတ်နိုင်ငံဘက်ခြမ်းက စစ်ဘေးရှောင်များအတွက် တစ်စုံတစ်ရာ လာရောက်ထောက်ပံ့ကူညီခြင်းမျိုး မရှိသေးသည့်အပြင် ခြံစည်းရိုးများခတ်နေသည့်အတွက် ဒေသအတွင်း စစ်ရေးအခြေအနေ ယခုထက် ပိုမိုဆိုးရွားတင်းမာလာပါက မည်သည့်နေရာသို့ ထွက်ပြေးတိမ်းရှောင်ရမည်ကို မသိဖြစ်နေသည်ဟု စစ်ရှောင်များက ဆိုသည်။

ထို့အပြင် တရုတ်နိုင်ငံဘက်ခြမ်း ပန်ဆိုင်းမြို့တောက်လျှောက်တွင်လည်း နယ်စပ်ခြံစည်းရိုးများ ယခုသီတင်းပတ်အတွင်း တည်ဆောက်နေသည်ဟု ဒေသခံများက ပြောသည်။

မြန်မာ-တရုတ် နယ်စပ်တစ်လျှောက် စစ်ဘေးရှောင်နေကြရသည့် ပန်ဆိုင်းမြို့အတွင်းက ကျေးရွာပေါင်း (၇) ရွာက စစ်ရှောင် ၁၄၀၄ ဦးအတွက် ယခုခါ စားနပ်ရိက္ခာအခက်အခဲအပြင် ဆေးဝါး၊ မိုးကာနှင့် အိမ်သာအတွက် ပစ္စည်းများ အရေးပေါ်လိုအပ်နေသည်ဟု ၎င်းတို့အား သွားရောက်ကူညီပေးနေသည့် ကွတ်ခိုင်မြို့က လူငယ်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်နှင် MNDAA (ကိုးကန့်) တပ်တို့အကြား တိုက်ပွဲကြောင့် မြန်မာ-တရုတ်နယ်စပ်တွင် စစ်ရှောင်နေကြရသည့် အဆိုပါ စစ်ရှောင်များအတွက် ကွတ်ခိုင်လူငယ်များနှင့် NeT Organizationတို့ ယခုသီတင်းပတ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းအချို့နှင့် အိမ်သာအတွက် လိုအပ်သည့် ပစ္စည်းအချို့အား သွားရောက်ကူညီခဲ့ကြသည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...