ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ရွှေပြည်သာကျေးရွာတွင် တည်ဆောက်နေဆဲဖြစ်သည့် အဝေးပြေးကားဂိတ်သစ် တည်ဆောက်မှုလုပ်ငန်းကို ကိုဗစ်ကာလအတွင်းဘဏ်စီးဆင်းမှုအခြေနေကြောင့် ဆောက်လုပ်နေမှုကိုရပ်နားထားရသည်ဟု ကားဂိတ်သစ်တည်ဆောက်ရေးလုပ်ငန်း မန်နေဂျာ ဦးသာစိန်ထွန်းက နိရဥ္စရာသို့ ပြောသည်။
“ကျနော်တို့အခုဆောက်လုပ်နေတာ ၂ ခုပါ။ (Bus Terminal) ကားဂိတ်နဲ့ (Werehouse) ကုန်ကားထားတဲ့နေရာနှစ်ခုပါ။ အခုလောလောဆယ်က ဆောက်လို့မရသေးဘူး။ ကိုဗစ်ကြောင့် ဘဏ်က ငွေတွေအများကြီးထုတ်လို့မရတော့ ရပ်နားထားရတာပေါ့။ ခုလောလောဆယ်တော့ ကုန်တင်ကားတွေ ယာယီထားထားတာ ၁ လခွဲလောက်ရှိပြီ” ဟု သူကပြောသည်။
အဝေးပြေးကားဂိတ်အသစ် ဆောက်လုပ်ခြင်း မပြီးစီးသေးသောကြောင့် ယခုလက်ရှိအဝေးပြေးဂိတ်မှ ကားများကို မပြောင်းရွှေ့ရသေးဟုလည်း စစ်တွေရှိ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်ရေးကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဦးချမ်းအေးက ပြောသည်။
“ကျနော်တို့ ဒီကားတွေကို အသစ်ဆောက်နေတဲ့ ဂိတ်ကိုမပြောင်းရသေးဘူး။ ဘာလို့လဲဆိုတော့ ဆောက်တာမပြီးသေးဘူးလို့လည်းပြောတယ်။ ကုန်ကားတွေ ထားတယ်လို့တော့ပြောတယ်။ တကယ်လို့ ကားဂိတ်အသစ်ကို ပြောင်းရမယ်ဆိုရင် ကားဂိတ်အဟောင်းကို ကားလေးတွေ ဂိတ်အဖြစ် ထားချင်ထားမှာပေါ့။ ဒီအတိုင်းလည်းရှိချင်ရှိမှာပေါ့။ အစိုးရပိုင်ဆိုတော့ ကျနော်တို့အသေချာမသိရသေးဘူး” ဟု ပြောသည်။
စစ်တွေရှိ လက်ရှိအဝေးပြေးကားဂိတ်သည် မြို့တွင်းတွင်ရှိနေပြီး ယာဉ်အဝင်/အထွက် များပြားလာမှုကြောင့် လူသွားလူလာများအတွက် ကျပ်တည်းမှုဖြစ်ပေါ်လာ၍ ကားဂိတ်သစ်ကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်း စတင်တည်ဆောက်နေရခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါကားဂိတ်သစ်ကို CB Bank ပိုင်ရှင် ဦးခင်မောင်အေးက လယ် ၄၂ ဧကအား လယ်သမားများထံမှဝယ်ယူ၍ အစိုးရ၏ခွင့်ပြုချက်ဖြင့် ဆောက်လုပ်နေခြင်းဖြစ်သည်။
ယင်းသို့ ဆောက်လုပ်ရာတွင် စစ်တွေ-ရန်ကုန်အဝေးကားများ ရပ်နားနိုင်ရန် ကျပ်သိန်း ၂၅၀၀ နှင့် ကုန်ကားများရပ်နားနိုင်ရန် ကျပ်သိန်း ၂၉ဝဝ အကုန်ကျခံကာ တည်ဆောက်နေခြင်းဖြစ်သည်ဟု သိရသည်။







