ဖက်ဒရယ် ကျန်းမာရေးမူဝါဒပေါ်ထွက်ရန် အမျိုးသားကျန်းမာရေးကော်မတီကို ဖွဲ့စည်း

ဖက်ဒရယ် ကျန်းမာရေးမူဝါဒပေါ်ထွက်ရန် အမျိုးသားကျန်းမာရေးကော်မတီကို ဖွဲ့စည်း

ဖက်ဒရယ်ပြည်ထောင်စု ကျန်းမာရေးမူဝါဒ (National Health Policy) ကို အဓိက ရေးဆွဲသွားနိုင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ (EHOs) တို့ ပူးပေါင်း၍ ညီလာခံတစ်ရပ်ခေါ်ယူကာ အမျိုးသားကျန်းမာရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း ဩဂုတ်လ ၁၆ ရက် ယမန်နေ့က ကြေညာချက်ထုတ်ပြန်လိုက်သည်။

ဩဂုတ်လ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ NUG ၏ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ ပူးတွဲကျင်းပသည့် အမျိုးသားကျန်းမာရေးညီလာခံအပြီးတွင် အဆိုပါကော်မတီကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး လတ်တလော အရေးတကြီးဖြေရှင်းရမည့် ကိုဗစ်ကပ်ရောဂါ ကျန်းမာရေးပြဿနာနှင့် ဖက်ဒရယ်ကျန်းမာရေးမူဝါဒ ရေးဆွဲဖော်ထုတ်ရေးအတွက် ယခုလို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၏ ပြောခွင့်ရသူ ဒေါက်တာစင်သီယာမောင်က ယခုလိုပြောသည်။

ဒေါက်တာစင်သီယာမောင်က “လက်ရှိအခြေအနေမှာ အရေးတကြီးဖြေရှင်းရမဲ့ ဖက်ဒရယ်ကျန်းမာရေးစနစ်ရဲ့ မူဝါဒပိုင်းဆိုင်ရာကိစ္စတွေ လက်ရှိ ကိုဗစ်အပါအဝင် ကျန်းမာရေးပြဿနာတွေကို စုဆုံပြီးတော့ ဖြေရှင်းရမဲ့အခြေအနေတွေနဲ့ ဖက်ဒရယ်ကျန်းမာရေးစနစ်အတွက် အရေးတကြီး လိုအပ်နေတဲ့ ဖက်ဒရယ်ကျန်းမာရေးမူဝါဒတွေကို ရေးဆွဲနိုင်ဖို့အတွက် စုဖွဲ့ထားလိုက်တာဖြစ်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ဖွဲ့စည်းလိုက်သည့် အမျိုးသားကျန်းမာရေးကော်မတီအနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု ကျန်းမာရေးမူဝါဒ ရေးဆွဲချမှတ်ခြင်းအပြင် တိုင်းရင်းသားနယ်မြေ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များ၏ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းစီမံချက်များကို ဆက်စပ်ဆောင်ရွက်ရေး၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်နှင့် ဘေးဒဏ်ကပ်ဆိုးများအတွက် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို အသင့်ရှိရန်နှင့် လျင်မြန်စွာ တုန့်ပြန်နိုင်ရန် စသည့် ရည်ရွယ်ချက် ၄ ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြပါရှိသည်။

ဒေါက်တာစင်သီယာမောင်ပါဝင်သည့် အတိုင်ပင်ခံ ၁၀ ဦးနှင့် အဖွဲ့ဝင် ၂၃ ဦးပါဝင်သော ၎င်းကော်မတီတွင် ဥက္ကဌအဖြစ် ပဒိုမန်းမန်း၊ ဒု-ဥက္ကဌ (၁) အဖြစ် NUG ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာဇော်ဝေစိုးတို့အပြင် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ၊ အရပ်ဖက် ကျန်းမာရေးအဖွဲ့အစည်းများနှင့် NUG ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပညာရှင်များ၊ လူထုအခြေပြု ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

အဆိုပါ အမျိုးသားကျန်းမာရေးကော်မတီအနေဖြင့် ဖက်ဒရယ် ကျန်းမာရေးမူဝါဒအပေါ် အခြေခံပြီး ကျန်းမာရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်သွားရန်၊ ကျန်းမာရေး သတင်းအချက်အလက် ပြုစုရေးစနစ် အဆင့်မြှင့်တင်ရန်၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး နည်းဗျူဟာများ ချမှတ်ကျင့်သုံးရန် ဆေးပညာသင်တန်းများ ပို့ချနိုင်ရေး၊ သင်ရိုးညွန်းတမ်းများ ရေးဆွဲနိုင်ရေးနှင့် ကိုဗစ်ထိန်းချုပ်ရေး၊ လျှော့ချရေးတို့အတွက် နည်းဗျူဟာများ ချမှတ်ဆောင်ရွက်သွားရန် လုပ်ငန်းစဉ် (၅) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟုလည်း ၎င်းတို့၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့ကလည်း တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်း ခေါင်းဆောင်များနှင့် NUG အစိုးရအဖွဲ့၏ ကျန်းမာရေးဝန်ကြီးများပါဝင်သည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ Covid-19 Task Force (CTF) ကို ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်း CTF ၏ လုပ်ငန်းစဉ်များကို ယခုဖွဲ့စည်းလိုက်သည့် အမျိုးသားကျန်းမာရေးကော်မတီ၏ အရေးကြီးသည့် လုပ်ငန်းစဉ်အဖြစ် ဆက်စပ်ဆောင်ရွက်သွားမည်ဟုလည်း ဒေါက်တာစင်သီယာမောင်က ဆက်ပြောသည်။

ပြီးခဲ့သည့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအပြီးတွင် ရွေးကောက်ခံအမတ်များနှင့် တိုင်းရင်းသားအဖွဲ့အစည်းခေါင်းဆောင်များက ကျန်းမာရေးညီလာခံတစ်ရပ်ခေါ်ယူ၍ အမျိုးသားကျန်းမာရေးနှင့် ပညာရေးကော်မတီ (NHEC) ကို ဖွဲ့စည်းခဲ့ကြပြီး ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် အဆိုပါကော်မတီကို ဖျက်သိမ်းခဲ့ရသည်။

January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...
January 6, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများမှ...
January 5, 2026
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကရင်နယ်ခြားစောင့်တပ်-BGF မှ ကရင်အမျိုးသားတပ်မတော်-KNA အဖြစ်...