“ကျွန်တော်တို့က သူတို့ ကျူးကျော်တဲ့ တစ်ဧကကို ၅၀၀၀ နှုန်း ဒဏ်ရိုက်ထားတယ်၊ နောက်ပြီး စိုက်ပျိုးပင် သက်တမ်းကို ထပ်ကြည့်ပြီး အခွန်ပေးဆောင်ခိုင်းတယ်”ဟု ယင်းက ပြောသည်။
ခွင့်ပြုချက်မရှိဘဲ စိုက်ပျိုးခြင်းများ တွေ့ရှိပါက အပင် သက်တမ်း ရ နှစ်အောက် အပင်များကို တစ်ပင်လျှင် ကျပ် ၅၀၀ နှုန်းဖြင့်လည်းကောင်း၊ ရ နှစ်ထက် အပင်များကို တစ်ပင်လျှင် ကျပ် ၁၀၀၀ နှုန်းဖြင့်လည်းကောင်း အခွန်ပေးဆောင်ထားခိုင်းကြောင်း သိရသည်။
မွန်ပြည်နယ် သစ်တော ဦးစီးဌာန၏ စစ်တမ်းများအရ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်တွင် ဝင်ရောက်ကျူးကျော်လုပ်ကိုင်သူများသည် ယခုနှစ် မေ ၁၅ ရက်နေ့အထိ မြေဧက ၄၆၃၆၈ ဒသမ ၁၇ ကို ခွင့်ပြုချက် မရှိဘဲ စိုက်ပျိုးလုပ်ကိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ဒဏ်ငွေရိုက်ခံထားရသည့် ကျူးကျော် လုပ်ကိုင်သူများသည် ဆက်လက်လုပ်ကိုင်မည်ဆိုပါက နှစ် ၃၀ မြေဌားဂရန် လျှောက်ထားခိုင်းပြီး၊ လုပ်ပိုင်ခွင့်များ ချပေးထားကြောင်း မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောကြားသည်။
လုပ်ကိုင်ခွင့် ရရှိသူများအနေဖြင့် စာချုပ်ပါ စည်းကမ်း ၁၇ ချက်ကို လိုက်နာရမည်ဖြစ်ပြီး၊ စည်းကမ်းများအရ တစ်ဧကအတွက် လုပ်ဆောင်ပြီး သစ်မာအမျိုးအစား အပင် ၄၀ ပြန်လည် စိုက်ပျိုးပေးရမည်ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ် သစ်တောဦးစီးဌာန၏ မေ ၁၅ ရက်နေ့အထိ စာရင်းအရ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်အတွင်း၌ လုပ်ကိုင်ခွင့် မြေဧက ၁၉,၉၂၁ ဒသမ ၃၂ ကျော်ကို လုပ်ကိုင်ခွင့် ပေးအပ်ထားကြောင်း ဖော်ပြထားသည်။



