လူငယ်များ ခုန်ချခဲ့သည့်ဖြစ်စဉ်တွင် ပတ်သက်သည့် “ဒလန်” ဆိုသူအား PDF သတိပေး

လူငယ်များ ခုန်ချခဲ့သည့်ဖြစ်စဉ်တွင် ပတ်သက်သည့် “ဒလန်” ဆိုသူအား PDF သတိပေး

ဗိုလ်တစ်ထောင်မြို့နယ်၊ ၄၄ လမ်းရှိတိုက်ခန်းတစ်ခုအား စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့သဖြင့် လူငယ်အချို့ အထပ်မြင့်တိုက်ပေါ်မှ ခုန်ချထွက်ပြေးစဉ် သေဆုံးခဲ့ရသည့်ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့သည့် စစ်ကောင်စီသတင်းပေး ဒလန်ဆိုသူကို လှိုင်သာယာ PDF က သြဂုတ်လ ၁၁ ရက်တွင် သတိပေးစာ ထုတ်ပြန်ခဲ့သည်။



စစ်ကောင်စီသတင်းပေးဒလန်အတွက် ကျည်ဆံသုံးတောင့်နှင့် သတိပေးစာတွင် "ကောင်းကင်ပေါ်ကကြယ်က နောက်ဖေးလမ်း ကြားမှာတောက်မယ်လို့ မထင်ထားဘူး။ ကျနော်တို့ ခလေးတွေရဲ့ မိဘတွေ ငိုကြွေးသံက မင်း တို့အတွက် ကျည်ဆံဖြစ်စေရမယ်။ မအေ- ဒလန် လွတ်အောင်ပြေးထား။ မင်းကိုစိန်ခေါ် တယ်။ မင်းမိသားစုပါ တွေ့အောင်ရှာပြမယ်။ ကျူပင်ခုတ် ကျူငုတ်မကျန်အောင် လုပ်ပြမယ်" ဟု ရေးသားထားသည်။



အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက်တွင် စစ်ကောင်စီသတင်းပေး ဒလန်ဆိုသူနှင့် မိသားစုပုံမှာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပြန့်နှံ့လာခဲ့ပြီးနောက် လှိုင်သာယာ PDF က ကျည်ဆံ ၃ တောင့်နှင့်အတူ သတိပေးစာထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။



အထပ်မြင့်တိုက်ပေါ်မှ လူငယ်အချို့ ခုန်ချထွက်ပြေးစဉ် သေဆုံးခဲ့ရမှုတွင် ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရကာ ၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီသတင်းပြန်ကြားရေးက သြဂုတ်လ ၁၁ ရက်မှာပင် သတင်းထုတ်ပြန်ခဲ့သည်။



စစ်ကောင်စီ သတင်းထုတ်ပြန်ချက်တွင် ၄၄ လမ်း၊ တိုက်အမှတ် ၁၆၊ ၄ လွှာတွင် ဖောက်ခွဲရေးပစ္စည်းလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ သိုဝှက်သိမ်းဆည်းထားသည်ဟု သတင်းရသဖြင့် ရှာဖွေခဲ့ကြောင်း ဖော်ပြထားသည်။





ထိုသို့ရှာဖွေစဉ် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို လက်လုပ်ဗုံး၊ ယမ်းပျော့၊ ဗျောက်အိုးအပါအဝင် ဆက်စပ်ပစ္စည်း များ ဖမ်းမိခဲ့သည်ဟု ဖော်ပြထားသည်။



အဆိုပါ တိုက်ခန်းအတွင်းရှိ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့သည် ရှာဖွေဖမ်းဆီးစစ်ဆေးမှုကို မခံယူဘဲ တိုက်ခန်း ၃ လွှာ အနောက်ဘက်ပြတင်းပေါက်မှ ခုန်ချစဉ် တိုက်ခန်းအောက်ခြေရှိ ကွန်ကရစ်ကြမ်းခင်းပေါ်ပြုတ်ကျပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကာ ကျန်အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့ခြင်းကြောင့် တပ်မတော်ဆေးရုံသို့ ပို့ထားကြောင်း စစ်ကောင်စီဖက်က သတင်းထုတ်ပြန်ထားပါသည်။



စစ်ကောင်စီဖက်က သေဆုံးသူ ၂ ဦးရှိသည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း တိုက်ပေါ်မှ ခုန်ချထွက်ပြေးခဲ့သူများနှင့် နီးစပ်သူများက ၅ ဦးသေဆုံးခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားနေကြသည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...