ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များ နှင့် ကျေးရွာ ၁၀၆ ရွာတို့၌ ရေဆက်လက်ကြီးနေပြီး ဖုန်းလိုင်းတချို့ ပြတ်တောက်ကာ လူသေဆုံးမှုများ အထိ ရှိလာကြောင်း ဒေသခံများက ပြောသည်။
လေးမျက်နှာမြို့နယ်အတွင်း MPT မိုဘိုင်းစခန်း ၁၃ ခုရှိရာမှ ၁၁ ခုမှာ ပြတ်တောက်နေပြီး နင်းကြမ်းနှင့် ခမောက် စုကျေးရွာ စခန်းတို့တွင်သာ လိုင်းပြန်လည်ရရှိနေကာ ဆက်သွယ်ရေးဝန်ဆောင်မှုမှာ ၁၆ ဒသမ ၁၈ ရာခိုင်နှုန်း သာ ရှိတော့ကြောင်း ဆိုသည်။
ဇူလိုင် ၃၀ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ငဝန်မြစ်ရေကာတာ ကျိုး ပေါက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ရာမှ ဩဂုတ်လ ၆ ရက်အထိ လေးမျက်နှာမြို့ပေါ်ရပ်ကွက် ၅ ခုနှင့် ပတ်ဝန်းကျင် ကျေးရွာ ၇၂ ရွာ၊ ဟင်္သာတမြို့နယ် ၂၆ ရွာ၊ ရေကြည်မြို့နယ် ၆ ရွာနှင့် ကျုံပျော်မြို့နယ် ၂ ရွာ စုစုပေါင်း ကျေးရွာ ၁၀၆ ရွာသို့ ရေဝင်ရောက်လျက်ရှိသည်။
အိမ်ခြေ ၇,၇၃၄ အိမ်၊ အိမ်ထောင်စု ၇,၅၈၅ စုမှ လူဦးရေ ၃၂,၆၀၇ ဦးတို့မှာ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေကြရကြောင်း စစ်တပ်ကလည်း ထုတ်ပြန်ထားသည်။
လေးမျက်နှာမြို့နယ်အတွင်း ဆက်သွယ်ရေးအခက်အခဲများနှင့် ပတ်သက်၍ ဒေသခံကုန်သည် အမျိုးသမီး တစ်ဦးက “လေးမျက်နှာမြို့နယ်ထဲက တချို့နေရာတွေ ဖုန်းလိုင်းတွေ ပြတ်တောက်နေတဲ့အတွက် ဘယ် နေရာမှာ ဘယ်လိုအခြေအနေရှိတယ်ဆိုတာကို သွားကယ်ဖို့က ဆက်သွယ်ရေးခက်ခဲတယ်။ တချို့နေရာတွေက လှောင်ထားတဲ့ကုန်တွေ တစ်ဝက်လောက် ဆုံးရှုံးတာရှိတယ်” ဟု ပြောသည်။
ဩဂုတ် ၄ ရက် ညနေပိုင်းတွင် လေးမျက်နှာမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ ရေမြုပ်နေသော နေအိမ်တစ်လုံးထဲတွင် အသက် ၆၉ နှစ်အရွယ် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့သည်။
ထို့ပြင် ဩဂုတ် ၅ ရက်တွင်လည်း အိုင်သပြုကျေးရွာ၊ အောင်မင်္ဂလာရပ်ကွက်အတွင်း ရေစီးနှင့်မျောပါသွားသည့် အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့များက လိုက်လံရှာဖွေတွေ့ရှိခဲ့ပြီး ဟင်္သာတမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။
ဒေသခံ အမျိုးသမီးတစ်ဦးက “သေတာ လောလောဆယ် နှစ်ယောက်။ တစ်ယောက်က စိတ်မနှံ့ဘူး၊ တစ် ယောက်ကတော့ ရေဘေးသင့်တဲ့သူတွေကို ထမင်းထုတ်သွားပို့တာမှာ ရေစီးနဲ့မျောသွားတာပါ” ဟု ပြောသည်။
ထို့ပြင် ဩဂုတ် ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ကလည်း လေးမျက်နှာမြို့နယ်၊ သခွပ်ချောင်းကျေးရွာအုပ်စု၊ ဂျမ်းကုန်းကျေးရွာရှိ နေအိမ်အပေါ်ထပ်တွင် နေထိုင်သူ အမျိုးသားတစ်ဦး အစာအိမ် သွေးကြောပေါက်သည့် ဝေဒနာ ခံစားနေရသဖြင့် ပရဟိတအဖွဲ့များက ဟင်္သာတမြို့ ပြည်သူ့ဆေးရုံသို့ အရေးပေါ် ကူညီပို့ဆောင်ပေးခဲ့ ရသည်။
ငဝန်တာတမံ၏ မြေအောက်ပိုင်းမှ ရေစိမ့်ထွက်ကာ တာတမံနိမ့်ကျပြီး ရေကျော်စီးဝင်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တာတမံပျက်စီးမှုကို ထိန်းချုပ်နိုင်ရေးနှင့် ရေဆက်လက်မတိုးစေရန်အတွက် အထူးပြုလုပ်ထားသည့် သဲအိတ်များ (Geo Bag) ကို အသုံးပြုကာ ပြန်လည်ပြုပြင် တာဆို့ခြင်းလုပ်ငန်းများကို နေ့ရောညပါ အရေးပေါ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း စစ်တပ်ဘက်က ထုတ်ပြန်ထားသည်။







