မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ရှိ မေတ္တာရိပ်မိဘမဲ့ဂေဟာတွင် အကူအညီအထောက်အပံ့များ လိုအပ်နေ

မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ရှိ မေတ္တာရိပ်မိဘမဲ့ဂေဟာတွင် အကူအညီအထောက်အပံ့များ လိုအပ်နေ

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့၊ မြို့သစ်ရပ်ကွက်တွင်ရှိသည့် မေတ္တာရိပ်မိဘမဲ့ဂေဟာတွင် စားဝတ်နေရေးအခက်အခဲနှင့် အလှူရှင်များလိုအပ်နေကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါဂေဟာ၌ စောင့်ရှောက်ထားသည့် Kg တန်းမှ ဆယ်တန်းအထိ ကျောင်းသူ ၈ ဦးနှင့် ကျောင်းသား ၁၃ ဦး၊ စုစုပေါင်း ကျောင်းသူ၊ ကျောင်းသား ၂၁ ဦး၏ စားဝတ်နေရေးအတွက် အလွန်တရာ အခက်အခဲဖြစ်နေသည်ဟု ဂေဟာ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဒေါက်တာရန်နိုင်ဖြိုးက နိရဥ္စရာကိုပြောသည်။

"အခုက ကိုဗစ်ကာလဆိုတော့ စားဝတ်နေရေးတွေက အရမ်းခက်ခဲတယ်။ အကုန်အကျတွေလည်း အရမ်းများပြီး အလှူရှင်တွေလည်း နည်းပါးနေတယ်။ ပရဟိတအဖွဲ့တွေကတော့ လာလှူတာတွေရှိပေမဲ့ အခုတော့ အလာနည်းပြီး အခက်အခဲတွေကြုံနေရတယ်" ဟု ပြောသည်။

လက်ရှိတွင် မေတ္တာရိပ် မိဘမဲ့ဂေဟာအဆောက်အဦသည် တစ်နှစ်တာ ငှားရမ်းထားခြင်းဖြစ်ပြီး လာမည့်နှစ် ၁ လပိုင်းတွင် ငှားရမ်းသက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သည်။

ထို့ကြောင့် လာမည့်နှစ်အတွင်း နေထိုင်နိုင်ရန်အတွက် ကမ်းထောင်းကြီးမြို့ မြို့သစ်ရပ်ကွက်ရှိ လောင်းဒုံးပိုင်းဆိုသည့်နေရာတွင် မြို့ကကျခံကာ (၃) ဧကခန့်ရှိသည့် မြေကွက်ပေးထားသော်လည်း အဆောက်အဦဆောက်လုပ်ရန် အလှူရှင်များမရှိသဖြင့် အခက်အခဲဖြစ်နေကြောင်းလည်း သိရသည်။

မေတ္တာရိပ်မိဘမဲ့ဂေဟာကို ခိုကိုးရာမဲ့ဖြစ်နေသော မိဘမဲ့ကလေးငယ်များ၊ ဆင်းရဲနွမ်းပါးအခက်အခဲဖြစ်နေကြသော ကလေးသူငယ်များကို ပြုစုစောင့်ရှောက်ပေး၍ အသိပညာ၊ အတတ်ပညာများသင်ကြားပေးပြီး ထူးချွန်ထက်မြက်သော ကလေးသူငယ်များဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်ရှိမြို့နယ် ၄ ခုဖြစ်သော ဘူးသီးတောင်၊ မြောက်ဦး၊ မြေပုံနှင့်အမ်းမြို့နယ်တို့အပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ မိဘမဲ့ကလေးစုစုပေါင်း ၂၁ ဦးကို တာဝန်ယူစောင့်ရှောက်ထားသည်ဟု သိရသည်။

၎င်းတို့အထဲတွင် တိုက်ပွဲကာလအတွင်း မြောက်ဦးမြို့နယ် လင်းမြွေတောင်အနီး သေနတ်ကျည်ထိမှန်၍ ဘယ်ဘက်လက်နှင့် ယာခြေထောက် ဖြတ်တောက်ထားရသော ဒသမတန်းအရွယ် ကျောင်းသားတစ်ဦးလည်းပါဝင်ကြောင်း သိရသည်။

ဓာတ်ပုံ - ယခင်ပုံဟောင်း

 
 

 

 

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...