၂၀၂၀ ခုနှစ်အတွက် ပေးအပ်သည့် ၁၃ ဦးမြောက် ယခင်ကရင်အမျိုးသားအစည်းအရုံး-KNU အထွေထွေအတွင်း ရေးမှူးချုပ်ဟောင်း ပဒို မန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆုကို ကော့ကရိတ်မြို့နယ်အခြေစိုက် လူမှုရေးတက်ကြွလှုပ်ရှားဆောင်ရွက်သူနေသူ စောမင်းခလိန်းကို ပေးအပ်ချီမြှင့်ခဲ့သည်။
ကော့ကရိတ်မြို့နယ်အတွင်း Harmony Youth Association (HYA) ကို ဖွဲ့စည်းတည်ထောင်သူနှင့် အဖွဲ့၏ အုပ်ချုပ်ရေး ဒါရိုက်တာလည်းဖြစ်သူ စောမင်းခလိန်းအနေဖြင့် ဒေသအတွင်း အခြေခံလူ့အခွင့်အရေးဆိုင်ရာ စည်းရုံးလှုံ့ဆော် ပညာပေးမှုများအပြင် ဒေသတွင်း အခြေခံလူတန်းစားများအတွက် လိုအပ်သည့် ပညာရေး စည်းရုံးလှုံ့ဆော်မှုများတွင် ဦးဆောင်လှုပ်ရှားဆောင်ရွက်နိုင်ခြင်းအပေါ် ဖန်းဖောင်ဒေးရှင်းမှ တစ်နှစ် တစ်ခါ ရွေးချယ်ချီးမြှင့်သည့် အဆိုပါ လူငယ်ခေါင်းဆောင်ဆုကို ချီးမြှင့်ခြင်းဖြစ်သည်ဟု ယနေ့ထုတ်ပြန်သည့် ဖန်းဖောင်ဒေးရှင်း၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
“စောမင်းခလိန်းက လူ့အဖွဲ့အစည်းမှာ ဖယ်ကျဉ်ခံထားရတဲ့ လူထုအတွက်အပြင် လူ့အခွင့်အရေး ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုအတွက် ရပ်တည်လုပ်ဆောင်နေကြတဲ့ လူငယ်တွေအတွက် အတုယူထိုက်တဲ့သူပါ။ အပြုသဘောဆောင် ကူညီဆောင်ရွက်ကြတဲ့ စောမင်းခလိန်းနဲ့ သူ့ရဲ့အဖွဲ့အစည်းဟာ ကော့ကရိတ်ပြည်သူနဲ့ ကရင်ပြည်နယ်တစ်ခုလုံးအတွက် ကူညီဆောင်ရွက်ခဲ့မှုတွေဟာ မှတ်ကျောက်တင်လောက်ပြီးတော့ ဒါကိုလည်း အသိအမှတ်ပြုဖို့ ထောက်ပံ့ဖို့ ထိုက်တန်ပါတယ်” ဟု ဖောင်ဒေးရှင်း၏ ဒါရိုက်တာ နန့်ဘွားဘွားဖန်းက ဆုချီးမြှင့်မှု ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
စောမင်းခလိန်းအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အခြေခံလူ့အဖွဲ့အစည်းများ၏ အသံပါဝင်လာစေရန် လူထုများအနေဖြင့် ၎င်းတို့၏ အခြေခံအခွင့်အရေးများကို သိနားလည်စေရန် ငြိမ်းချမ်းရေး ပညာရေး စည်းရုံးလှုံ့ဆော်မှုများကို တက်ကြွစွာ ပါဝင်လုပ်ဆောင်ခဲ့သလို စစ်ဘေးရှောင်ပြည်သူများနှင့် ပဋိပက္ခအပြင် ကိုဗစ်ကပ်ရောဂါကာလအတွင်း ထိခိုက်ခံစားရသူ ဒေသခံကျေးရွာသားများအတွက် လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ရရှိစေရန် အောင်မြင်စွာ စည်းရုံးလှုံ့ဆော်နိုင်ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆုသည် မိမိကိုယ်ကျိုးအတွက် မကြည့်ဘဲ ကရင်အမျိုးသား တိုးတက်ရေးအတွက် ပညာရေး၊ လူ့အခွင့်အရေးနှင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ စသည့် ကရင်လူမျိုးတို့၏ လိုအပ်ချက်များကို အထောက်အကူဖြစ်အောင် စွမ်းစွမ်းတမံလုပ်ဆောင်ပေးသူ အသက် ၃၅ နှစ်အောက် ကရင်လူငယ်များအား ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဆုကို ယခုနှစ်အတွင်း ပေးအပ်နိုင်ရန် စီစဉ်ထားသော်လည်း လက်ရှိ ကိုဗစ် ကပ်ရောဂါကာလအတွင်း အခမ်းအနားဖြင့်ပေးအပ်ရန် အခက်အခဲရှိသေးသောကြောင့် ပေးအပ်မည့်အစီအစဉ်ကို အတိအကျ မဖော်ပြထားသေးဘဲ ၎င်းဆုရှင်ကို ဂုဏ်ပြုမှတ်တမ်းလွှာအပြင် အမေရိကန် ဒေါ်လာ ၄ ထောင်ဖြင့်လည်း ဂုဏ်ပြုချီးမြှင့်သွားရန် စီစဉ်ထားကြောင်း ဖန်းဖောင်ဒေးရှင်ထံမှ သိရသည်။
ဆုရရှိခြင်းအပေါ် စောမင်းခလိန်းက “ကရင်အာဇာနည်ခေါင်းဆောင်တစ်ဦးရဲ့ ဒီဂုဏ်ပြုဆုကို လက်ခံရရှိတဲ့ ကရင်လူငယ်တစ်ယောက်အနေနဲ့ အင်မတန် ဝမ်းသာပါတယ်။ ကိုယ့်ဒေသတွက်၊ ကိုယ့်လူမျိုးအတွက်၊ ကိုယ့်အမျိုးသားအတွက် တစ်ထောင့်တစ်နေရာ လုပ်ဆောင်တဲ့အပေါ်မှာ အခုလို ဆုချီးမြှင့်တဲ့အတွက် ကိုယ့်ရဲ့ စိတ်ခွန်အားကို တက်လာစေသလို ဒီထက်ပိုလုပ်နိုင်မယ့် ကိုယ့်လုပ်နိုင်စွမ်းအားကိုလည်း မြှင့်တင်ပေးတဲ့ အနေ အထားလည်းဖြစ်စေတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ၎င်းအနေဖြင့် ၎င်းရရှိခဲ့သည့် ဆုကြေးငွေများကို လူငယ်ပညာရေးအတွက်၊ လတ်တလော ကျန်းမာရေးအခြေအနေများအတွက်နှင့် အရေးပေါ် ကယ်ဆယ်ရေးအစီအစဉ်များအပြင် ၎င်း၏ လူမှုရေးလုပ်ငန်းဆောင်မှုများအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်းလည်း စောမင်းခလိန်း က ဆက်ပြောသည်။
စောမင်းခလိန်းအနေဖြင့် မြဝတီ- ကောကရိတ်-အိန္ဒို ကားလမ်းတစ်လျှောက် ဖောက်လုပ်သည့် အာရှအဝေးပြေး လမ်းမကြီး ဖောက်လုပ်စဉ် ထိခိုက်နစ်နာခဲ့ရသည့် ဒေသခံလူထုများ၏ အသက်မွေးဝမ်းကျောင်း နေရာများ၊ ပိုင်ဆိုင်မှုများအတွက် ထိခိုက်နစ်နာကြေးများ ရရှိစေရန်၊ ဒေသခံလူထုများ၏ ၎င်းတို့၏ အခြေခံအခွင့်အရေး ရပိုင်ခွင့်များအတွက် ပညာပေး စည်းရုံးလှုံ့ဆော်ပေးနိုင်ခဲ့ပြီး နွေရာသီကာလအတွင်း လူငယ်များအတွက် ပညာရေးဆိုင်ရာ သင်တန်းများကိုပါ ဦးဆောင်ဖွင့်လှစ်ပေးခဲ့သူတစ်ဦးဖြစ်သည်။
၎င်းနှင့် နီးစပ်သူ နန်းမြင့်အောင်က “စောမင်းခလိန်းက လူမှုရေးလုပ်ငန်းတွေမှာ အခြားလူတွေ ပါဝင်လာအောင် ဦးဆောင်နိုင်စွမ်းရှိတဲ့သူ တစ်ယောက်ဖြစ်တယ်။ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ ကိုယ့်လူထုအတွက် အင်မတန် ကြိုးစားလုပ်ဆောင်နေတဲ့သူလည်း ဖြစ်တယ်။ ကျမအနေနဲ့ သူ့ရဲ့ ခိုင်မာတဲ့ရပ်တည်ချက်နှင့် သမာသမကျတဲ့ ခေါင်းဆောင်နိုင်မှုက ကျမတို့ ကရင်ပြည်သူတွေအတွက် အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုကြီးဖြစ်လာလိမ့်မယ်လို့ ယုံကြည်တယ်” ဟု မှတ်ချက်ပြုပြောဆိုသည်။
ဖန်းဖောင်ဒေးရှင်းကို ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ အမည်မသိ သေနတ်သမားနှစ်ဦး၏ သတ်ဖြတ်ခြင်းခံရသော KNU-အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်းနှင့် ကွယ်လွန်သူ နမ့်ကျင်ရွှေတို့အား ဂုဏ်ပြုသည့်အနေဖြင့် ကျန်ရစ်သူ သားသမီးများဖြစ်ကြသော စောစေးစေးဖန်း၊ နမ့်ဘွားဘွားဖန်း၊ နမ့်ဇိုယာဖန်းနှင့် စ̕လုံ့ဖန်းတို့က တည်ထောင်ခဲ့ခြင်းဖြစ်သည်။
၂၀၀၈ ခုနှစ်မှစ၍ ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ညောင်လေးပင်ခရိုင်မှ နော်ဖောကဘလာထူး၊ ဖာပွန်ခရိုင်မှ စောညွန့်ဝင်း၊ ဘိတ်-ထားဝယ်ခရိုင်မှ နော်ဒီဇင်ဘာဖော၊ Free Burma Ranger အဖွဲ့မှ စောထူးထူးအယ်၊ ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (KWEG) မှ နမ့်သန္တာအောင်၊ ကရင်အမျိုးသမီးအစည်းအရုံး (KWO) မှ နော်ကညောဖောနှင့် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုအဖွဲ့မှ နော်ဆာမူး၊ Hpa-An Youth Network မှ စ̕ ရှိုင်းနှင့် အင်တာနက် လူမှုကွန်ရက်များမှတစ်ဆင့် ကရင်စာပေဖွံ့ဖြိုးရေးလုပ်ငန်းများ ဦးဆောင်လုပ်ကိုင်နေသူ စ̕ခန့်သူလှိုင်ဝင်းတို့ကို အသီးသီးပေးအပ်ခဲ့သည်။
၎င်းအပြင် ၂၀၁၇ ခုနှစ်အတွက် အဆိုပါ လူငယ်ခေါင်းဆောင်ဆုကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် လူမှုရေးလုပ်ငန်းလုပ်ဆောင်နေသူ ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO) မှ စောအဲသိုနှင့် အမျိုးသမီးအခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားနေသူ ကရင်အမျိုးသမီးအစည်းအရုံး (KWO) မှ နော်ဆဲဆဲတို့နှစ်ဦးကို ပူးတွဲချီးမြှင့်ခဲ့သည်။
၂၀၁၈ ခုနှစ်အတွက်ကို မြန်မာနိုင်ငံအပါအဝင် အရှေ့အလယ်ပိုင်းဒေသတို့တွင် စစ်ဘေးဒဏ်ခံရသည့် ပြည်သူများအား ကျန်းမာရေးဆိုင်ရာ ကယ်ဆယ်ရေးလုပ်ဆောင်နေသူ Free Burma Ranger (FBR) ဆေးမှူး စောဂျိုးဇက်နှင့် ၂၀၁၉ ခုနှစ်ဆုကို ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် လှုပ်ရှားနေသူ ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD) မှ စောဆာနေသော အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်သည်။







