ရခိုင်ပြည်နယ်တွင် ကိုဗစ်ကာလအတွင်း ဆွမ်းခံမထွက်ရ၊ ဆွမ်းဆန်စိမ်း အလှူမခံရ၍ ဘုန်းတော်ကြီးကျောင်းများနှင့် မယ်သီလရှင်ကျောင်းများ၌ ဆွမ်းဘောဇဉ်သုံးဆောင်ရန် အခက်ခဲဖြစ်နေကြောင်း သတင်းရရှိသည်။
ကျောက်ဖြူမြို့ သိမ်ကုန်းကျောင်းတိုက်ဆရာတော်အရှင် ဣန္ဒာဝံသက ကိုဗစ်ကာလ ဆွမ်းခံမထွက်ရသဖြင့် အခက်ခဲရှိနေသလို၊ စားဝတ်နေရေး အခက်အခဲရှိနေသဖြင့် ကိုရင်လေးများ လူထွက်သွားမှုများရှိနေကြောင်း နိရဉ္စရာသတင်းဌာနသို့ မိန့်ကြားသည်။
“ဦးဇင်းတို့မှာ အရင်ကတည်းက ဆွမ်းလာပို့တယ်ဆိုတာမရှိဘူးလေ။ မြို့ထဲမှာ ဆွမ်းခံထွက်ပြီး ဆွမ်းဘုန်းပေးကြတယ်။ ကိုဗစ်ကာလဆိုတော့ ဆွမ်းခံတွေ ရပ်လိုက်ရတယ်။ ဆွမ်းခံမထွက်ရတော့ အခက်ခဲတော့ ရှိတာပေါ့လေ။ ဆန်က ၃ ရက်မှာ ၂ တောင်းလောက်ကုန်တယ်။ ဟင်းသီးဟင်းရွက်တွေ ဝယ်စားတယ်ဆိုရင်လည်း တစ်သောင်းခွဲလောက်ကုန်တယ်။ အဲ့ဒါလည်း ၂ ရက်၊ ၃ ရကလောက်ဆို ကုန်ပြီလေ။ အိမ်တွေဘာတွေလည်းမပြန်ရဘူး။ ကျောင်းထဲမှာပဲ နေကြမယ်လို့ ဦးဇင်းတို့ကို ကန့်သတ်ထားတော့ ဖြစ်သလိုချက်ပြုတ်ပြီး ဆွမ်းဘုန်းပေးကြရတယ်။ ကိုရင်လေးတွေ တချို့က ဒဏ်မခံနိုင်တော့ လူထွက်သွားကြတယ်။ ဦးဇင်းတို့ ကျောင်းတစ်ခုတည်းမဟုတ်ဘူး။ တစ်ခြား ကျောင်းတိုက်ငယ်လေးတွေမှာ အခက်ခဲလေးတွေတော့ ရှိကြတယ်” ဟု မိန့်ကြားသည်။
စစ်တွေအာကျိပ်တော်ကုန်းတွင် တည်ရှိသည့် အသျှင်ဓမ္မပါလကျောင်းတိုက် နောက်ဘက်က သီလရှင်ကျောင်းတိုက်တွင်လည်း ဆွမ်းနှင့် ဆေးဝါးအခက်ခဲများရှိနေကြောင်း ထိုကျောင်းမှ သီလရှင်များက မိန့်ကြားပြောဆိုသည်။
၎င်းကျောင်းတွင် သီတင်းသုံးနေသည့် ဆရာလေးဓမ္မစာရီက “ဆရာတော် တွေမှာကျတော့ တကာသားသမီးတွေက လာလှူကြတယ်လေ။ ဆရာလေးတွေမှာ ကျတော့ လှူမယ့်သူမရှိဘူး။ ဆွမ်းဆန် မခံရရင် အဆင်မပြေဘူး။ ဆွမ်းဆန်ခံရပ်တာတောင် ရလာတာလေးတွေနဲ့ မနည်း ခြိုးခြံချွေတာပြီးသုံးနေရတယ်။ အဓိက အခက်ခဲကတော့ စားရေး သောက်ရေးဘဲ။ ဆွမ်းသုံးရမှလည်း တရား ဘာဝနာတွေအားထုတ်နိုင်မယ်။ အခုက ကြုံသလိုဆွမ်းသုံးနေရတယ်။ ဆန်ကလည်းကုန်နေပြီ၊ ကျန်းမာရေးနဲ့ ပတ်သက်ရင်လည်း ဆေးဝါးဖိုးတောင် မရှိတော့ဘူး။ အဲဒါကြောင့် တက်နိုင်သလောက် သဒ္ဓါရှိသလောက် လာလှူကြစေချင်တယ်” ဟု ပြောသည်။
ကိုဗစ်ကာလ ဝါတွင်း၌ ကျောက်ဖြူမြို့ပေါ်တွင်ရှိ အထင်ကရ မဟုတ်သော ဆွမ်းခက်ခဲသည့်ကျောင်းများကို လှူဒါန်းမှုများပြုလုပ်နေသည်ဟု Kyauk Phyu Youth အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
“လူတွေလည်းခက်ခဲကြတယ်လေ။ အဲဒီတော့ တကာ၊ တကာမတွေက ဆွမ်းပို့တာနည်းလာတယ်။ အခုချိန်ဆွမ်းခံလည်းထွက်လို့မရဘူးဆိုတော့ ဦးဇင်းတွေမှာလည်းဝါတွင်းကာလ ဆွမ်းခက်ခဲလာတယ်။ ဒီလ ၆ ရက်နေ့က ကျွန်တော်တို့ကျောက်ဖြူမှာဆွမ်းခက်ခဲတဲ့ ကျောင်း ၅၄ ကျောင်းကို ဆန်၊ ငါးခြောက်၊ ဆီ၊ ပဲ၊ ကြက်သွန်၊ Mask နဲ့ ငွေ ၅၀၀၀ စီလှူဒါန်းခဲ့တယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်ထဲက တခြားမြို့နယ်များတွင်လည်း ဘုန်းကြီးကျောင်းများနှင့် မယ်သီလရှင်ကျောင်းများ ဆွမ်း၊ ဆေးဝါးအခက်ခဲများ ကြုံတွေ့နေရသည်ဟု ကြားသိရသဖြင့် ဘာသာ၊ သာသနာ ချစ်မြတ်နိုးသူများက ကူညီလှူဒါန်းစေချင်သည်ဟု ဆရာလေးဓမ္မစာရီက ပြောဆိုသွားသည်။
(ဓာတ်ပုံ - အခက်အခဲကျနေသည့် ဘုန်းတော်ကြီးကျောင်းများကို စေတနာရှင်များက တစ်ပိုင်တစ်နိုင် သွားရောက်လှူဒါန်းနေကြစဉ်)







