တောင်ကုတ်မြို့နယ် ကြိုးကြာကွင်းအုပ်စုမှ ရွာသုံးရွာကို စစ်တပ်က ဝင်ရောက်စစ်ဆေး၊ လူငယ် ၂ဝ ခန့် ထွက်ပြေးတိမ်းရှောင်နေရဟုဆို

တောင်ကုတ်မြို့နယ် ကြိုးကြာကွင်းအုပ်စုမှ ရွာသုံးရွာကို စစ်တပ်က ဝင်ရောက်စစ်ဆေး၊ လူငယ် ၂ဝ ခန့် ထွက်ပြေးတိမ်းရှောင်နေရဟုဆို

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်း ကျေးရွာအုပ်စုအတွင်းရှိ ကြိုးကြာကွင်းရွာ၊ မှန်နီရွာနှင့် ကျားတံခါးကျေးရွာသုံးရွာမှ ကျေးရွာသားတချို့ကို စစ်တပ်က ခေါ်ယူစစ်ဆေးနေပြီး ကျေးရွာများအတွင်းက လူငယ် ၂ဝ ခန့်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျေးရွာသားများက ပြောသည်။

ဒေသခံ ရွာသားတစ်ဦးက “စစ်တပ်ကား ၁ဝ စီးလောက် ကြိုးကြာကွင်းအုပ်စုကို မနေ့က ဩဂုတ် ၅ ရက်နေ့ နံနက်မှာ ဝင်လာတယ်။ တောင်ကုတ်မြို့အဝင်က ၃၄၆၊ ၅၄၄ တပ်ရင်းကပါ။ မှန်နီရွာကို နှစ်စီး၊ ကျားတံခါးရွာမှာ နှစ်စီးနဲ့ ကြိုးကြာကွင်းမှာ တစ်စီးဝင်စစ်တယ်။ ကျန်တဲ့ကားတွေ အထက်ဖက်ကရွာတွေဆီကို တက်သွားတယ်။ ကြိုးကြာကွင်းတစ်ရွာလုံး စစ်သားတွေနဲ့ ဖြစ်ကုန်တယ်။ အေအေရှိလား ရှိပြီးစစ်တာပါ။ အေအေကို ထောက်ပံ့ပေးတယ်ဆိုပြီး ရွာသားတချို့လည်း အဖမ်းခံရပါတယ်။ ပြန်လွတ်လာကြပါတယ်။ ဖမ်းလိုက်ပြန်လွတ်လိုက်ပါ။ အကုန်လုံးဆိုရင် နှစ်ဆယ်လောက်ရှိပြီ။ ရွာက လူငယ်နှစ်ဆယ်လောက်လည်း ထွက်ပြေးနေရတယ်” ဟု နိရဉ္စရာသတင်းဌာနကို ပြောသည်။

ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟု သံသယရှိသည့် ရွာသားများကို အဓိက ခေါ်ယူစစ်ဆေးခြင်းဖြစ်ကြောင်း၊ စစ်တပ်က ဝင်ရောက်စစ်ဆေးမှုသည် လွန်ခဲ့သည့် သြဂုတ်လ ၃ ရက်နေ့က ကြိုးကြာကွင်းကျေးရွာအုပ်စုက ကျေးရွာတာဝန်ခံတစ်ဦးအား အမည်မသိလူတစ်စုမှ ဖမ်းဆီးသွားပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကြိုးကြာကွင်းကျေးရွာမှ အသက် (၅ဝ) ကျော်အရွယ် ဦးအောင်ချိန်ဆိုသူအား သြဂုတ်လ ၄ ရက်နေ့က တစ်ကြိမ်၊ ယမန်နေ့ သြဂုတ် ၅ ရက်နေ့က တစ်ကြိမ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယခု ပြန်လွတ်လာကြောင်း ၄င်းက ဆက်ပြောသည်။

နောက်ထပ် ကြိုးကြာကွင်းကျေးရွာမှ အမျိုးသမီးတစ်ဦးက “စိုးရိမ်မိတာပေါ့ရှင်။ ရွာထဲဝင်ပြီး အေအေလားလို့ လိုက်မေးနေတာကို။ မင်းဘယ်သူ့ကိုသိလား။ အေအေရှိတဲ့ မိသားစုတွေရှိလား။ အဲသမျိုးတွေ လိုက်မေးတာပါ။ ဟိုနေ့က ကားပေါ်မှာ လူငယ်၊ လူလတ်ပိုင်း နှစ်ဆယ်လောက် တင်သွားတာ တွေ့လိုက်ပါတယ်။ ပြန်လွတ်တဲ့လူတွေရှိတယ်လို့လည်း သိရပါတယ်” ဟု ပြောသည်။

ကျေးရွာအတွင်း စစ်ဆေးရေးလုပ်ဆောင်ရာတွင် ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူးတို့လည်း ပါဝင်ကြောင်း၊ အိမ်တိုင်းကို ဝင်ရောက်စစ်ဆေးခြင်းမျိုးမဟုတ်ပဲ ကွက်ကြား ဝင်ရောက်စစ်ဆေးနေခြင်းဖြစ်ကြောင်း သူမက ဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကြိုးကြာကွင်း ကျေးရွာအုပ်ချုပ်ရေးမှူးအား မေးမြန်းရာ ၄င်းမှာ ဖြေဆိုလိုခြင်းမရှိကြောင်း၊ သူအနေဖြင့် တစ်စုံတစ်ရာ သိရှိခြင်းမရှိကြောင်း ပြောဆိုသည်။

တောင်ကုတ်မြို့နယ် ရဲစခန်းမှူး ဒု-ရဲမှူးဇော်လတ်အား ယခင် နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်နေကျဖုန်းအား ဆက်သွယ်ရာ ၄င်းမှာ လွင်မိုးဇော်ဆိုသည့်လူသာဖြစ်ကြောင်း၊ ဖုန်းမှားနေကြောင်း ဖြေဆိုပြီး ဖုန်းချသွားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား မေးမြန်းရန် ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းမကိုင်သဖြင့် ၄င်းကြိုးကြာကွင်း ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်ဖက်မှ အတည်ပြုချက် တစ်စုံတစ်ရာမရရှိသေးပါ။

 
 

 

 

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...