တောင်ကုတ်မြို့နယ်တွင် မိုးကြီး၍ ကျေးရွာ ၂ဝ နီးပါး ရေစတင်နစ်မြုပ်၊ ကိုဗစ်လူနာရှိသည့် တိုက်နယ်ဆေးရုံတစ်ခု ရေနစ်မြုပ်၍ လူနာများ ပြောင်းရွှေ့ထားရ

တောင်ကုတ်မြို့နယ်တွင် မိုးကြီး၍ ကျေးရွာ ၂ဝ နီးပါး ရေစတင်နစ်မြုပ်၊ ကိုဗစ်လူနာရှိသည့် တိုက်နယ်ဆေးရုံတစ်ခု ရေနစ်မြုပ်၍ လူနာများ ပြောင်းရွှေ့ထားရ
U San Myat Shwe FB,  ကျော်မျိုး ကင်းတောင်နှင့် FB
U San Myat Shwe FB, ကျော်မျိုး ကင်းတောင်နှင့် FB

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် မိုးကြီး၍ ကျေးရွာ ၂ဝ နီးပါး ရေနစ်မြုပ်လျက်ရှိပြီး ကိုဗစ်လူနာရှိနေသည့် လမူးတိုက်နယ်ဆေးရုံမှ လူနာများကိုလည်း ဘေးလွတ်ရာကို ပြောင်းရွှေ့လိုက်ရကြောင်း သတင်းရရှိသည်။

ယနေ့ သြဂုတ်လ ၆ ရက်နေ့ နံနက်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေမြင့်မားလာသည့်အတွက် ယခုကဲ့သို့ နစ်မြုပ်မှုဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လမူးကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမြင့်ဌေးက “ဆေးရုံတွေ၊ အိမ်တွေမြုပ်နေပြီ။ ချောင်းရေ ၁၅ ပေ လောက်တက်နေပါတယ်။ မြေနိမ့်ပိုင်းက အိမ်တွေကတော တော်တော်လေးမြုပ်သွားပါပြီ။ အမိုးလောက်ပဲ ကျန်တော့တယ်။ ကိုဗစ်လူနာနှစ်ဦးကို ဘုန်းတော်ကြီးကျောင်းကို ပို့ထားတယ်။ မွေးလူနာကို စာသင်ကျောင်းကိုုပို့ထားပြီးတော့ တစ်ခြားလူနာတွေကို ဆေးရုံချပေးလိုက်ကြပါပြီ” ဟု ပြောသည်။

လမူးကျေးရွာအုပ်စု ကျေးရွာ ၇ ရွာရှိပြီး အိမ်ခြေ ၁၆ဝဝ ကျော်ရှိကြောင်း၊ ၄င်းအပြင် အနီးအနားကျေးရွာများဖြစ်သည့် ဆားပြင်ကျေးရွာအုပ်စုတွင် ကျေးရွာ ၉ ရွာနှင့် ဗူးရွှေမော်ကျေးရွာတို့တွင်လည်း ရေနစ်မြုပ်လျက်ရှိနေကြောင်း သူက ဆက်ပြောသည်။

ဆားပြင်ကျေးရွာတွင်နေထိုင်သည့် တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ ဒု-ဥက္ကဋ္ဌ ဦးဝေသောင်းက “ဦးလေးတို့ရွာမှာ ရေက ခြောက်ပေလောက်ထိရှိနေပြီ။ ခါတိုင်းနှစ်တွေထက် တက်လာနေတယ်။ ပြန်မကျသေးဘူး။ ဦးလေးတို့အိမ်က နှစ်ထပ်အိမ်ပါ။ အောက်ထပ်တစ်ခုလုံးမြုပ်သွားပြီ။ အိမ်တွေရေနစ်မြုပ်ပြီး မျိုးစပါးတွေအကုန်လုံးလည်းပါသွားပြီလို့ တစ်ယောက်အကြောင်းကြားလာပါတယ်။ လယ်ကွင်းတွေ အကုန်ရေနစ်မြုပ်သွားပြီကို” ဟု ပြောသည်။

တောင်ကုတ်မြို့နယ် မအီမြို့တွင်လည်း ယနေ့တွင် ချောင်းရေမြင့်တက်လာမှုကြောင့် ရေနစ်မြုပ်မှုဖြစ်နေသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့ကလည်း သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ အမ်းမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ဂွမြို့နယ်တို့တွင် ရေကြီးရေလျံမှုများ ဖြစ်ပွားခဲ့သည်။

၄င်းထဲတွင် သံတွဲမြို့မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၁၄ နှစ်အတွင်း စံချိန်တင်ရေနစ်မြုပ်ရှိခဲ့ပြီး နေအိမ်အချို့ပျက်စီးဆုံးရှုံးခဲ့သည်။

Most read this week

August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...