ကိုဗစ်ဒယ်လ်တာမျိုးကွဲ ကူးစက်မှုကို အထူးဂရုစိုက် ကာကွယ်ပါ

ကိုဗစ်ဒယ်လ်တာမျိုးကွဲ ကူးစက်မှုကို အထူးဂရုစိုက် ကာကွယ်ပါ

သွေး (စစ်ကိုင်း) — ဗီဇပြောင်း ကိုဗစ်ဒယ်လ်တာမျိုးကွဲဟာ နိုင်ငံတော်တော်များများမှာ ဆက်လက်ကူးစက်နေဆဲဖြစ်ပြီး ကူးစက်မှုနှုန်းဟာလည်း မြန်မြန်ဆန်ဆန် မြင့်တက်လာနေပါတယ်။ အစိုးရတွေအနေနဲ့လည်း ကာကွယ်ဆေးထိုးနှံမှုတွေကို အရှိန်မြှင့် လုပ်ဆောင်လာကြတာလည်း တွေ့ရပါတယ်။ ကိုဗစ်ကြောင့် လူမှုစီးပွားထိခိုက်ရမှုတွေနဲ့အတူ တန်ဖိုးရှိတဲ့ လူ့အသက်တွေ မဆုံးရှုံးစေဖို့ ဂရုစိုက်ကာကွယ်ကြဖို့ လိုအပ်နေပါပြီ။

ဒီနေရာမှာ ဒယ်လ်တာမျိုးကွဲနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက်တချို့ကို ပြောပြချင်ပါတယ်။ လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၁၃၂ နိုင်ငံမှာ ကူးစက်နေတဲ့ ဒယ်လ်တာမျိုးကွဲကို ပထမဆုံးတွေ့ရှိခဲ့ရတဲ့ နိုင်ငံက အိန္ဒိယနိုင်ငံပါ။ အမေရိကန်နိုင်ငံ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဗဟိုဌာန (CDC) ရဲ့ အဆိုအရ အမေရိကန်မှာ ဖြစ်ပေါ်နေတဲ့ ကူးစက်ခံရမှုရဲ့ ၂၀ ရာခိုင်နှုန်းဟာ ဒယ်လ်တာမျိုးကွဲဖြစ်ပြီး ဇွန်နဲ့ ဇူလိုင်လမှာ ပိုမိုများပြားလာခဲ့ပါတယ်။ mask တပ်မထားဘူးဆိုရင်, ကာကွယ်ဆေး ထိုးမထားဘူးဆိုရင် ကူးစက်မှု ပိုပြီးခံရနိုင်တယ်လို့ ဆိုပါတယ်။

သုတေသနပြု လေ့လာချက်တွေအရ ကာကွယ်ဆေးထိုးမထားသူတွေဟာ ကူးစက်မှု ပိုမိုခံရနိုင်ပြီး ကလေးတွေနဲ့ အသက် ၅၀ အောက်တွေဟာ ကူးစက်ခံရနိုင်ခြေ ပိုများတယ်လို့ သိရပါတယ်။ ဗီဇပြောင်း ကိုဗစ်ဒယ်လ်တာမျိုးကွဲကို Pfizer ဒါမှမဟုတ် Moderna လို ကာကွယ်ဆေးတွေက တော်တော်လေး ကာကွယ်နိုင်တယ် လို့လည်း ဆိုပါတယ်။ အမေရိကန်က ထင်ရှားတဲ့ ကူးစက်ရောဂါ ပညာရှင် ‘ဒေါက်တာအန်တိုနီဖော်စီ’ ကလည်း “ကိုဗစ်ဒယ်လ်တာမျိုးကွဲတွေ ပျံ့ပွားနေတာကြောင့် ကိုဗစ်ကူးစက်မှုတွေ တစ်ကျော့ပြန် ပြင်းထန်လာနိုင်တယ်” လို့ သတိပေးထားပါတယ်။ အမေရိကန် တောင်ပိုင်းက ပြည်နယ်တွေမှာ ကူးစက်မှုအများစုကလည်း ဒယ်လ်တာမျိုးကွဲ ဖြစ်နေပါတယ်။ VOA ရဲ့ သတင်းတစ်ပုဒ်အရ လူဝီစီယားနား၊ ဖလော်ရီဒါနဲ့ အာကန်ဆောပြည်နယ်တွေမှာ တွေ့ရတာလို့ သိရပါတယ်။ ကာကွယ်ဆေးထိုးနှံမှု များပြားတဲ့ ဒေသတွေမှာ ကူးစက်မှု နည်းပါးပြီး, ကာကွယ်ဆေးထိုးနှံမှု နည်းပါးတဲ့နေရာတွေမှာ ကူးစက်မှု ပိုမိုများပြားတာကို တွေ့ရှိလာရတာကြောင့် အစိုးရတွေက ကာကွယ်ဆေး ထိုးနှံကြဖို့ တိုက်တွန်းနေကြပါတယ်။

အခုနောက်ဆုံး သိရတဲ့ သတင်းတစ်ပုဒ်ကတော့ တောင်ကိုရီးယားမှာ ဒယ်လ်တာပလပ်စ် (Delta Plus) ကိုဗစ်မျိုးကွဲ ကူးစက်ခံရသူ ၂ ဦးတွေ့ရှိခဲ့ရတယ် ဆိုတဲ့ သတင်းပါ။ ဒယ်လ်တာပလပ်စ် ကိုဗစ်မျိုးကွဲ တွေ့ရှိရတဲ့ နိုင်ငံတွေကတော့ ဗြိတိန်၊ ပေါ်တူဂီ၊ အိန္ဒိယနိုင်ငံတွေပဲ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ စတင်ဖြစ်ပွားရာလို့ ယူဆထားတဲ့ တရုတ်နိုင်ငံမှာလည်း ရောဂါကူးစက်မှုတွေ တစ်ကျော့ပြန် ပြန်လည်မြင့်တက်လာနေပါတယ်။ ဝူဟန်မြို့မှာ ကူးစက်ခံရသူတွေရှိနေပြီး ဩဂုတ် ၃ ရက်နေ့မှာ ပြည်တွင်းကူးစက်ခံရသူ ၆၁ ဦးရှိခဲ့တယ်လို့ သိရပါတယ်။

အိုလံပစ် အားကစားပွဲတော် ကျင်းပနေတဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာဆိုရင်လည်း ကိုဗစ်ကူးစက်ခံရမှုတွေ များပြားလာကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောကြားပါတယ်။ ဒါကြောင့် တိုကျိုမြို့မှာ အရေးပေါ်အခြေအနေ ကြေညာထားမှုကိုပါ သက်တမ်းထပ်တိုးလိုက်ပြီး အိုဆာကာမြို့အထိ ကန့်သတ်မှုတွေ တိုးချဲ့လိုက်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးကလည်း ရောဂါကူးစက်မှုတွေဟာ အလွန်ကို စိုးရိမ်စရာကောင်းတဲ့အဆင့် ရောက်လာနေပြီလို့ သတိပေးခဲ့ကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ အခုလို ကူးစက်မှုတွေ အဆမတန် များပြားလာတာဟာလည်း ဒယ်လ်တာမျိုးကွဲ ကိုဗစ်ပိုးကြောင့်ဖြစ်ပါတယ်။

ကျမတို့ မြန်မာနိုင်ငံမှာလည်း တစ်ကျော့ပြန် ကိုဗစ်ကူးစက်မှုတွေ ပြီးခဲ့တဲ့ ဇွန်လကစပြီး မြင့်တက်လာနေတာပါ။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဩဂုတ် ၃ ရက်နေ့ ထုတ်ပြန်ချက်အရ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ၄,၇၁၃ ဦးရှိပြီး၊ ကိုဗစ်ကြောင့် ထပ်မံသေဆုံးရသူ ၃၁၂ ဦးရှိတယ်လို့ သိရပါတယ်။ ကူးစက်မှုတွေ ဆက်လက်များပြားနေတာဖြစ်လို့ အများပြည်သူ ရုံးပိတ်ရက်ကို ဩဂုတ် ၈ ရက်နေ့အထိ သတ်မှတ်လိုက်ပြီး ကျောင်းတွေလည်း ဆက်ပိတ်ထားပါတယ်။ နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်မှာ အကျုံးဝင်ကြောင်း ကြေညာထားတဲ့ မြို့တွေလည်း ၁၀၀ ဝန်းကျင်ထိ များလာနေပါတယ်။

ပရဟိတအဖွဲ့တွေရဲ့ အဆိုအရ ကိုဗစ်-၁၉ နဲ့ သေဆုံးသူတွေကို သဂြိုဟ်ဖို့ ကူညီပို့ဆောင်ပေးရတဲ့ အရေအတွက်ဟာ ရန်ကုန်တစ်မြို့တည်းမှာပဲ ဇူလိုင်လထဲ ၂ ပတ်အတွင်း အလောင်းပေါင်း ၁၅,၀၀၀ ကျော်ထိ ရှိခဲ့ပါတယ်။ ဒါအပြင် ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာ ကိုဗစ်ကူးစက်မှု များပြားလာနေတာနဲ့ အတူ အောက်ဆီဂျင် အခက်အခဲတွေလည်း များပြားလာပါတယ်။ ဈေးကွက်ထဲမှာ အောက်ဆီဂျင်နဲ့ ကိုဗစ်ကုသ,ရာမှာ အသုံးပြုတဲ့ ဆေးဝါးတွေကို အဆမတန် ဈေးတင်ရောင်း လာကြသူတွေလည်း ရှိလာနေတာကြောင့် ပြည်သူတွေအနေနဲ့ ‘ဘူးလေးရာ ဖရုံဆင့်’ ဆိုသလို စား, ဝတ်, နေ အရေး ၃ ပါး အခက်အခဲတွေကြားမှာ ကျန်းမာရေး အတွက် ‘ဆေးဖိုးနဲ့ ဝါးခ’ တွေပါ ဆင့်ပိုးခံနေရတဲ့ အနေအထားပါပဲ။

ဗီဇပြောင်း ကိုဗစ်ဒယ်လ်တာမျိုးကွဲ ပျံ့နှံ့ကူးစက်မှု မြန်ဆန်မြင့်တက်နေတဲ့ အခုလိုအချိန်မှာ ကာကွယ်ဆေးတွေ အချိန်မီ ထိုးနှံခွင့် ရရေးကလည်း အရေးကြီးတဲ့ အနေအထားမှာ ရှိနေပါတယ်။ ကာကွယ်ဆေး ထိုးနှံမှု အစီအစဉ်တွေ ပြန်လည် စတင်နေပြီ ဖြစ်သလို အသက် ၆၅ နှစ်နဲ့ အထက်ရှိသူတွေကို ဦးစားပေး ထိုးနှံပေးနေတာပါ။ လက်ရှိအချိန်အထိ ကျမတို့ နိုင်ငံမှာ ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း ၁ ဒသမ ၈ သန်း ရှိပြီလို့ သိရပါတယ်။ နိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းထိ ထိုးနှံပေးဖို့ ရည်ရွယ်ထားတယ်လို့ဆိုတာကြောင့် ကာကွယ်ဆေး ထိုးနှံမှုကို အရှိန်မြှင့်လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။

ကမ္ဘာတဝှမ်းမှာလည်း ကိုဗစ်ဒယ်လ်တာမျိုးကွဲ ကူးစက်မှု မြန်ဆန်နေတာကြောင့် အထူးဂရုစိုက်နေရတဲ့ အနေအထားဖြစ်နေပါတယ်။ မျိုးဗီဇပြောင်း အယ်လ်ဖာ (Alpha) မျိုးကွဲက နိုင်ငံ ၁၈၀၊ ဘီတာ (Beta) က နိုင်ငံ ၁၃၀ ကို ပျံ့နှံ့ကူးစက်နေတာဖြစ်ပြီး ဒယ်လ်တာ (Delta) မျိုးကွဲက ၁၃၂ နိုင်ငံထိ ကူးစက်နေပါတယ်။ အဲဒီမျိုးကွဲ ၃ မျိုးထဲကမှ ဒယ်လ်တာဟာ အစိုးရိမ်ရဆုံးနဲ့ အန္တရာယ်အရှိဆုံး ဖြစ်လို့ပါပဲ။

ကာကွယ်ဆေးတွေနဲ့ ပတ်သက်ပြီး လေ့လာကြည့်ရင် Sinovac, Sinopharm, Covishield, Sputnik V, AstraZeneca, Covaxin, Moderna, Pfizer စသဖြင့် တွေ့ရပါတယ်။ ဒီအထဲက Moderna နဲ့ Pfizer ကာကွယ်ဆေးတွေကို အမေရိကန်နဲ့ ဂျာမနီနိုင်ငံတို့က ထုတ်လုပ်တာ ဖြစ်ပြီး ဒယ်လ်တာမျိုးကွဲကို ၈၈ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒယ်လ်တာမျိုးကွဲ ကူးစက်မှုနဲ့ ကြုံနေရတဲ့ အမေရိကန် အပါအဝင် တခြားနိုင်ငံတွေမှာ ကာကွယ်ဆေး မထိုးရသေးသူတွေ အနေနဲ့ ကာကွယ်ဆေး ထိုးနှံမှု ခံယူကြဖို့ အစိုးရတွေက တိုက်တွန်းနေကြတာပါ။ AstraZeneca ကာကွယ်ဆေးကတော့ ကိုဗစ်ဒယ်လ်တာမျိုးကွဲကို ၆၇ ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်တယ် လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိထိုးနှံပေးနေတဲ့ ကာကွယ်ဆေးက တရုတ်နိုင်ငံထုတ် Sinopharm ဖြစ်ပြီး ဒီဆေးက ဗီဇပြောင်း မျိုးကွဲ မဟုတ်တဲ့ မူလကိုဗစ်ဗိုင်းရပ်စ်ကို ၇၉ ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ကိုဗစ်ကူးစက်မှု အများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ ကာကွယ်ဆေးထိုးနှံမှုတွေ လုပ်ဆောင်နေပြီး လူဦးရေ ၂ သန်းကို ထိုးပေးနိုင်မယ့် Sinopharm Dose ၁ သန်းစာရှိတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွက် လူဦးရေ ၁ သိန်းခွဲဝန်းကျင်ကို ကာကွယ်ဆေးထိုးဖို့ လုပ်ဆောင်နေတာ တွေ့ရပါတယ်။

ကိုဗစ်စည်းကမ်းချက်တွေကို စနစ်တကျလိုက်နာလာတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာတော့ ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက် လျော့နည်းကျလာတာ တွေ့ရပါတယ်။ ချင်းပြည်နယ်မှာလည်း ကိုဗစ်ကာကွယ်ဆေးထိုးနှံရေး လုပ်ဆောင်နေတာတွေ့ရပြီး ပလက်ဝအပါအဝင် တခြားမြို့နယ်တွေမှာ ထိုးနှံပေးနေပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု ခံယူပြီးပြီဆိုပေမဲ့ ကိုဗစ်ကူးစက်မှုကို လုံးဝခံရတော့မှာမဟုတ်ဘူးလို့ တစ်ထစ်ချ ပြောမရသေးပါ။ ဒါကြောင့် ကိုဗစ်စည်းကမ်းချက်တွေ ဆက်လက်လိုက်နာရဦးမှာပါ။ ကိုဗစ်-၁၉ ကို ကျော်လွှားနိုင်ဖို့ နောက်ထပ်အရေးကြီးတာကတော့ စိတ်ဓာတ်ခွန်အားကို တိုးမြှင့်ထားဖို့ပဲဖြစ်ပါတယ်။ ကိုဗစ်ကူးစက်မှုခံရတိုင်း အသက်ဆုံးရှုံးတာမဟုတ်လို့ အာဟာရပြည့်ဝစွာ စားသောက်တာ၊ အဆုတ်အားကောင်းဖို့ အသက်ရှူလေ့ကျင့်ခန်းတွေ လုပ်တာ၊ စိတ်ဓာတ်မကျအောင် နေထိုင်တာတွေနဲ့ ကျော်လွှားရမှာပါ။ “ပြည်သူမှ ပြည်သူသို့...” ကူညီမှု၊ အသိပေးမှု၊ မျှဝေမှုတွေနဲ့အတူ စနစ်တကျ, ဂရုစိုက်, နေထိုင်, ကာကွယ်သွားရမှာ ဖြစ်ပါတယ်။

 
 

 

 

Most read this week

December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...
December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...