ဘူးသီးတောင် လမ်းမကျောင်း စစ်ရှောင်စခန်းတွင် ကိုဗစ်ပိုးတွေ့ပြီးနောက် ၎င်းစခန်းအတွင်း စိုးရိမ်မှုများဖြစ်နေ

ဘူးသီးတောင် လမ်းမကျောင်း စစ်ရှောင်စခန်းတွင် ကိုဗစ်ပိုးတွေ့ပြီးနောက် ၎င်းစခန်းအတွင်း စိုးရိမ်မှုများဖြစ်နေ
လမ်းမစစ်ဘေးရှောင်စခန်းမှ ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် ကိုယ်ဝန်ဆောင်အမျိုးသမီးနေခဲ့သောနေအိမ်အား ပိုးသတ်ဆေးဖြန်းပေးနေစဉ်။
လမ်းမစစ်ဘေးရှောင်စခန်းမှ ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် ကိုယ်ဝန်ဆောင်အမျိုးသမီးနေခဲ့သောနေအိမ်အား ပိုးသတ်ဆေးဖြန်းပေးနေစဉ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ရှိ လမ်းမကျောင်း စစ်ဘေးရှောင်စခန်းတွင် ကိုဗစ်ပိုးတေွ့ပြီးနောက် ယင်းစခန်းအတွင်း ကိုဗစ်ထပ်မံကူးစက်မှုများရှိလာမည်ကို စစ်ဘေးရှောင်များ စိုးရိမ်နေကြသည်ဟု သိရသည်။

ကလေးမီးဖွားရန် လမ်းမကျောင်းစစ်ဘေးရှောင်စခန်းသို့ ခေတ္တလာရောက်တည်းခိုသူ အသက် (၃၅ နှစ်) အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးတွင် သြဂုတ်လ ၃ ရက်နေ့က ကိုဗစ်ပိုးတွေ့ပြီးနောက်ပိုင်း ယခုကဲ့သို့ စိုးရိမ်မှုမြင့်တက်နေခြင်းဖြစ်သည်။

လမ်းမကျောင်း စစ်ရှောင်စခန်းတာဝန်ခံ ဦးဦးကျော်ဝင်းက "ပိုးတွေ့တဲ့နေ့ကဆို camp ကလူတွေက စိုးရိမ်မှုနည်းနည်းရှိကြတာပေါ့။ အခုတော့ အေးအေးဆေးဆေးဖြစ်သွားပါပြီ" ဟု နိရဥ္ဇရာသတင်းဌာနသို့ ပြောသည်။

စခန်းတွင်း ကိုဗစ်ပိုးတွေ့ရှိထားသည့်အတွက် ကိုဗစ်လူနာနေခဲ့သည့်အိမ်အနီးမှ စစ်ဘေးရှောင်များ ကြောက်နေကြသည်ဟုလည်း အဆိုပါစစ်ရှောင်စခန်းတွင်နေထိုင်သူ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) မှ ကျန်းမာရေးလုပ်သား ဒေါ်မအေးဖြူက ပြောသည်။

"အနီးနားကလူတွေကတော့ ကြောက်ကြတာပေါ့။ အချို့က အလွန့်အလွန်ကြောက်ကြတယ်။ တချို့ကတော့ ပုံမှန်အတိုင်း သိပ်ပြီးမကြောက်ကြဘူး။ တောင်ဖက်ပိုင်းကလူတွေဆို ပြောသံကြားရတယ်။ အဲဒီဖက်ကိုမသွားကြနဲ့။ အဲဒီဖက်က ပိုးတွေ့တာ။ အဲဒီလိုမျိုးပေါ့" ဟု ပြောသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက အလွန်တရာအစိုးရိမ်ကြီးပြီး လူနာကို ရှောင်ဖယ်ထားတာမျိုးမလုပ်ဘဲ ကူညီဖေးမပေးဖို့လိုအပ်ကြောင်း ပြောသည်။

"အယူသီးပြီးတော့ အစိုးရိမ်မကြီးဖို့လိုတယ်။ ကြာလာရင် အဲဒါက ကိုဗစ်ကြောင့်မဟုတ်ဘဲ ဥပါဒါန်ကြောင့် ဥပါဒ်ဖြစ်လာမယ်။ ဒါက သူနေခဲ့တဲ့နေရာကို အသွားအလာမလုပ်ဘဲ စိတ်ချရအောင် ၁ ပတ် ၂ ပတ်လောက်ထားလိုက်ရင် ပျောက်သွားမယ့်ဟာပါ။ ရောဂါရှိတယ်ဆိုပြီး ဒီအမျိုးသမီးကို ရှောင်ရမယ်၊ တိမ်းရမယ်မလုပ်ဘဲ အဲဒီရောဂါ ဒီအမျိုးသမီးမှာ ဘယ်လိုကောင်းလာမလဲဆိုပြီးတော့မှ အားပေးစကားပြောရမှာ ကူညီဖေးမပေးရမှာပါ" ဟု နိရဥ္ဇရာသတင်းဌာနသို့ ပြောသည်။

၎င်းစခန်းတွင် ကိုဗစ်ပိုးတွေ့ပြီးနောက် ဘူးသီးတောင်အခြေစိုက် အနောက်တံခါးလူမှုကူညီကယ်ဆယ်အသင်း (WDAB) က ပိုးတွေ့လူနာတည်းခိုနေထိုင်ခဲ့သည့် နေအိမ်အား ကြိုးများသွယ်တန်းကာ ချိတ်ပိတ်ထားခဲ့ပြီး ကိုဗစ်ပိုးသတ်ဆေးများ လာရောက်ဖြန်းပေးခဲ့ကြောင်းလည်း သိရသည်။

ယင်းအပြင် ယင်းအဖွဲ့က စခန်းတွင်းရှိ အသက် (ရဝ) နှင့်အထက် သက်ကြီးပိုင်း (၄၅) ဦးအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့သည်ဟုလည်း သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...