လူစုလူဝေးနှင့်နေထိုင်သည့် စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်ကာကွယ်ဆေး ဦးစားပေးထိုးရန်လိုအပ်နေ

လူစုလူဝေးနှင့်နေထိုင်သည့် စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်ကာကွယ်ဆေး ဦးစားပေးထိုးရန်လိုအပ်နေ

ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်စခန်းများတွင် လူစုလူဝေးနှင့် နေထိုင်ရကြရသဖြင့် သူတို့ကို ကိုဗစ်ကာကွယ်ဆေး ဦးစားပေးထိုးနှံရန် လိုအပ်နေကြောင်း စစ်ဘေးရှောင်အရေး လှုပ်ရှားနေသူများက ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့က မြောက်ဦးမြို့နယ်၊ စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းတွင် ကိုဗစ်ပိုးကူးစက်ခံရသူ ၇ ဦးအထိရှိခဲ့ပြီးနောက် စခန်းကို လော့ဒေါင်းချခဲ့ရသည်။

၎င်းနောက် စိုးရိမ်မှုများတိုးပွားလာခဲ့ပြီး ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရန် လိုအပ်နေသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်ကာကွယ်ရေးပစ္စည်း လိုအပ်ချက်များအပါအဝင် ကျန်းမာရေးလိုအပ်ချက်များရှိနေ၍ စစ်ဘေးရှောင်တွေကို ကိုဗစ်ကာကွယ်ဆေး ဦးစားပေးထိုးသင့်ကြောင့် စစ်ဘေးရှောင်အရေး လုပ်ကိုင်နေသူ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (RCE) ၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။

"အခုကိုဗစ်ဆေးထိုးမှာက ၆၅ နှစ်အထက်တွေတင်မဟုတ်ပဲ အခြားသူတွေလည်း စာရင်းမှာပါနေတော့ IDP စခန်းထဲကလူတွေအတွက် အခွင့်အလမ်းအင်မတန် နည်းသွားပြီ။ အခြားသူတွေမှာက ကိုဗစ်အသုံးအဆောင်ပစ္စည်းတွေရော၊ အလုပ်အကိုင်ရောရှိကြတယ်။ IDP စခန်းတွေမှာက အဲ့လိုအခွင့်အလမ်းနည်းတယ်။ ပြီးတော့ သူတို့က စုလို့ဝေးလို့နေနေရတယ်။ ကျန်းမာရေးလည်း အားနည်းကြတယ်။ ကိုယ်ခံအားမကောင်းတာတွေရှိတယ်။ အသက်ကြီးပိုင်းတွေများတယ်။ သူတို့တွေကို ဆေးထိုးပေးနိုင်ရင် အခြားပံ့ပိုးစရာတွေ သိပ်မလိုတော့ဘူ" ဟု ဦးဇော်ဇော်ထွန်း ကပြောသည်။

ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းများတွင် လုံခြုံရေးအခက်အခဲကြောင့် ကိုဗစ်ဆေး သွားရောက်ထိုးပေးရန် ခက်ခဲမှုရှိနေပြီး လုံခြုံရေး အာမခံချက်ပေးနိုင်မှ ကိုဗစ်ဆေးထိုးနှံပေးမည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ ဥပဒေချုပ် ဦးလှသိန်းက နိရဉ္စရာသို့ ပြောသည်။

"စစ်ဘေးရှောင်စခန်းတွေကလည်း သူ့ category တွေထဲမှာပါတယ်။ တစ်ခုရှိတာက ကိုဗစ်ဆေးထိုးတဲ့အဖွဲ့က လုံခြုံရေးအာမမခံနိုင်တဲ့ နေရာကိုတော့သွားမှာမဟုတ်ဘူး။ အဲ့ဒီကလူတွေကို မြို့ပေါ်ကိုခေါ်ထိုးရင် ထိုးမယ်" ဟု နိရဉ္စရာသတင်းဌာသို့ ပြောသည်။

အစိုးရက ကိုဗစ်ဆေးထိုးပေးရန် ဦးစားပေးသတ်မှတ်ထားသည့် အမျိုးအစား ၁၁ မျိုးတွင်ပါဝင်လျှင် ကိုဗစ်ဆေးထိုးပေးမည်ဖြစ်ပြီး မြို့နယ်အလိုက် ထိုးပေးမည်ဟု ဦးလှသိန်းကပြောသည်။

အဆိုပါ ဦးစားပေး (၁၁) မျိုးတွင် အသက် (၆၅) နှစ်နှင့်အထက်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ ဘိုးဘွားရိပ်သာများ၊ ရဟန်း သံဃာများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ စက်ရုံ အလုပ်ရုံ ဝန်ထမ်းများ၊ ဟိုတယ်ဝန်ထမ်းများ၊ အကျဉ်းသားများ၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများနှင့် ဈေးဝန်ထမ်းများ ပါဝင်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွက် ခွဲတမ်းရရှိသော တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစား ကိုဗစ်ဆေး အလုံးရေ ၁ သိန်းခန့်ကို မြို့နယ်တချို့တွင် စတင်ထိုးပေးနေပြီဖြစ်ကြောင်း  သိရသည်။

ရခိုင်ပြည်နယ်က စစ်ဘေးရှောင်စခန်းတွေမှာ လူဦးရေ ၆ သောင်းခွဲခန့် နေထိုင်နေရသေးကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ၏ ပြောဆိုချက်အရ သိရသည်။

 
 

 

 

Most read this week

August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...