ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် လျှပ်စစ်မီးပြတ်တောက်နေသဖြင့် မြောက်ဦးအောက်စီဂျင်စက်ရုံ ရပ်နားထားရသည်ဟု သတင်းရရှိသည်။
ထိုသို့ရပ်နားထားရသဖြင့် အောက်စီဂျင်ပေးထားရသော ကိုဗစ်လူနာများအတွက် အောက်စီဂျင် အခက်ခဲရှိလာနိုင်သည်ဟု နန်းရိပ်ဂရုဏာ အောက်စီဂျင်အခမဲ့ကူညီရေးအဖွဲ့ ဥက္ကဌ ဦးမောင်ဝင်းရွှေက နိရဥ္ဇရာသို့ပြောသည်။
“မနေ့က ညနေ (၆) နာရီကနေ မီးပြတ်တာ အောက်စီဂျင်စက်ရုံကတော့ အခုနားထားရတယ်။ မီးပြတ်တာနဲ့ပတ်သတ်ပြီး ဘာထုတ်ပြန်ချက်မှ ပြောထားတာမျိုးတော့မရှိဘူး။ အခုတော့ ပြင်တော့ပြင်နေကြတယ်လို့ ပြောတယ်။ အောက်စီဂျင်က လောလောဆယ် ဆေးရုံက တာဝန်ရှိသူတွေနဲ့ မြို့နယ်ကတာဝန်ရှိသူတွေ စစ်တွေပြည်နယ်ကောင်စီက (၁၀) လုံးလောက် သွားယူထားတယ်။ မြောက်ဦးမှာ ပြင်းထန်တဲ့လူနာက ၈ ယောက်လောက် ရှိတယ်။ အဲ့ဒီ (၁၀) လုံးနဲ့ မျှသုံးနေရတဲ့အခြေနေပေါ့ ညနေပိုင်းလောက် ဆိုရင်ကုန်လောက်တယ်။ နေ့လယ်လောက်တော့ မီးပြန်ရနိုင်လောက်ပါတယ်” ဟု ပြောသည်။
မြောက်ဦးမြို့တွင် ယမန်နေ့က သြဂုတ်လ (၃) ရက်နေ့ ညနေ (၆) နာရီလောက်ကနေ လျှပ်စစ်မီးပြတ်တောက်နေတာဖြစ်ပြီး အခု နေ့လယ် (၁) နာရီခွဲအချိန်ထိ မီးမရရှိသေးသည့်အတွက် အောက်စီဂျင်ပေးထားရသော လူနာများအတွက် စစ်တွေမှအောက်စီဂျင် (၁၀) လုံးလောက် ယူထားရကြောင်း ၎င်းက ပြောဆိုသည်။
ညနေ (၄) နာရီလောက် မီးပြန်ရနိုင်ကြောင်း မြောက်ဦး ဓာတ်အားခွဲရုံမှူး ဦးခင်မောင်ဦးက “မနေ့ကညနေက ဓာတ်အားလိုင်းက လိုင်းတင် မရတာပေါ့ဗျာ။ တင်မရတော့ ကျွန်တော်တို့ အဖွဲ့တွေက ၂၇ မိုင်လောက်မှာ ဖြစ်တယ်လို့သတင်းရတော့ လိုင်း လိုက်စစ်နေကြပါတယ်။ ပုံမှန်က လိုင်းအဆုံးဆိုရင် ၂ နာရီကျော် ၃ နာရီလောက်ဆိုရောက်ပါတယ်။ အခု စစ်ဖြစ်ထားတဲ့ နေရာတွေဆိုတော့ လိုင်းမစစ်ရတာ ၂ နှစ်ကျော်သွားတဲ့ အခါကျတော့ တိုင်ပေါ်မှာလည်း ချုံတွေတအားထူနေတဲ့အပြင် တောတအားတိုးနေရတာပေါ့။ ရဲရဲကို မနင်းရဲကြဘူး။ ခရီးမပေါက်ဘူးပေါ့လေ ဒီနေ့ ညနေ ၄ နာရီလောက်တော့ ပြန်ရနိုင်ပါတယ်” ဟု ပြောသည်။
မြောက်ဦးမြို့ အောက်စီဂျင်စက်ရုံသည် မြောက်ဦးဆရာတော်ဘုရားကြီး ဦးစီးဦးဆောင်ကာ အလှူရှင်များ စုပေါင်းလှူဒါန်းမှုဖြင့် ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားသော စက်ရုံဖြစ်သည်။
နိုင်ငံတော် ဓာတ်အားလိုင်းက လျှပ်စစ်မီးပြတ်တောက်နေသဖြင့် အောက်စီဂျင်ထုတ်လုပ်ရန် မီးစက်ဖြင့် လုပ်ဆောင်ခဲ့သော်လည်း မီးအားလိုက်မမှီ၍ ရပ်တန့်ထားခဲ့ရကြောင်း၊ ဆေးရုံမှလူနာများအတွက် စိုးရိမ်ပူပန်မိကြောင်း နန်းရိပ် ဂရုဏာအောက်စီဂျင် အခမဲ့ကူညီရေးအဖွဲ့ facebook စာမျက်နှာတွင် ရေးသားထားပါသည်။







