ဝိုင်းမော် ၅၈ တပ်ရင်းက တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်ခြင်းသာဖြစ်ကြောင်း KIA ပြော

ဝိုင်းမော် ၅၈ တပ်ရင်းက တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်ခြင်းသာဖြစ်ကြောင်း KIA ပြော

ဝိုင်းမော်မြို့ စစ်ကောင်စီ ၅၈ တပ်ရင်းအနီး ယမန်နေ့ည ပစ်ခတ်မှုဖြစ်ပွားရာတွင် KIA က သွားရောက်တိုက်ခိုက်ခြင်းကြောင့်မဟုတ်ဘဲ စစ်ကောင်စီက တစ်ဖက်သတ်ရမ်းသမ်းပစ်ခတ်ခြင်းသာဖြစ်ကြောင်း KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ကျနော်တို့ KIA ဘက်ကတော့ သွားရောက်ပစ်ခတ်တာမရှိသလို သွားလည်းမသွားပါဘူး။ ကျနော်တို့အထင်က သူတို့ဘက်က အရမ်းကြောက်လို့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ပဲမြင်တယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက KNG သတင်းဌာနကို ယနေ့မနက်ပိုင်းက ပြောဆိုခဲ့သည်။

ယမန်နေ့ည ၈ နာရီဝန်းကျင်ခန့်မှစတင်ပြီး ဝိုင်းမော် ၅၈ တပ်ရင်းအနီးတွင် လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်သံ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ည ၁၁ နာရီခန့်တွင် ရဟတ်ယာဉ် ၂ စီးဖြင့် သွားရောက်ပျံဝဲခဲ့သလို တင့်ကားသံများလည်းကြားရကြောင်း ဒေသခံများပြောသည်။

“KIA က လာတိုက်ပြီး တိုက်ပွဲဖြစ်တဲ့ပုံစံမဟုတ်ဘူး။ ၅၈ တပ်ရင်းကနေ KIA ရှိတဲ့ဘက်ကို တစ်ဖက်သတ်ပစ်နေတဲ့ပုံစံဘဲ ကြားရတယ်။ တစ်ညလုံးဘဲ ပစ်ခတ်နေတာ။ ဒီမနက် ၂ နာရီဝန်းကျင်အထိ ကြားနေရသေးတယ်။ လက်နက်ကြီး အကြိမ် ၈၀ လောက်တောင်ကြားရတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG ကို ပြောဆိုသည်။

ထိုသို့ ယမန်နေ့ညက စစ်ကောင်စီ ၅၈ တပ်ရင်းမှ အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သောကြောင့် ဝိုင်းမော် လဘန်ကျေးရွာတွင် လက်နက်ကြီးတစ်လုံးကျပြီး မွေးမြူရေးဝက်ခြံမှ ဝက်များ သေဆုံးမှုရှိခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ် ၂ ရက်ညကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

တစ်ချိန်တည်းတွင် အာဏာသိမ်းစစ်တပ်က KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ဘက်သို့လည်း လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။

 
 

 

 

Most read this week

ပူတာအိုမြို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုရဲ / Crd)
August 3, 2026
ကချင်ပြည်၊ ပူတာအိုဒေသတွင် ကုန်စည်ဝင်ရောက်မှု အခက်အခဲများကြောင့် အခြေခံ စားသောက်ကုန်...
ဓါတ်ပုံ - ပုံဟောင်း
August 3, 2026
ကချင်ပြည်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်းရှိ လမုန်ဇွပ်စစ်တပ်ဂိတ်တွင် အမျိုးသား ၅ ဦးကို...
July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...