ဝိုင်းမော်မြို့ စစ်ကောင်စီ ၅၈ တပ်ရင်းအနီး ယမန်နေ့ည ပစ်ခတ်မှုဖြစ်ပွားရာတွင် KIA က သွားရောက်တိုက်ခိုက်ခြင်းကြောင့်မဟုတ်ဘဲ စစ်ကောင်စီက တစ်ဖက်သတ်ရမ်းသမ်းပစ်ခတ်ခြင်းသာဖြစ်ကြောင်း KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ကျနော်တို့ KIA ဘက်ကတော့ သွားရောက်ပစ်ခတ်တာမရှိသလို သွားလည်းမသွားပါဘူး။ ကျနော်တို့အထင်က သူတို့ဘက်က အရမ်းကြောက်လို့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ပဲမြင်တယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက KNG သတင်းဌာနကို ယနေ့မနက်ပိုင်းက ပြောဆိုခဲ့သည်။
ယမန်နေ့ည ၈ နာရီဝန်းကျင်ခန့်မှစတင်ပြီး ဝိုင်းမော် ၅၈ တပ်ရင်းအနီးတွင် လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်သံ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ည ၁၁ နာရီခန့်တွင် ရဟတ်ယာဉ် ၂ စီးဖြင့် သွားရောက်ပျံဝဲခဲ့သလို တင့်ကားသံများလည်းကြားရကြောင်း ဒေသခံများပြောသည်။
“KIA က လာတိုက်ပြီး တိုက်ပွဲဖြစ်တဲ့ပုံစံမဟုတ်ဘူး။ ၅၈ တပ်ရင်းကနေ KIA ရှိတဲ့ဘက်ကို တစ်ဖက်သတ်ပစ်နေတဲ့ပုံစံဘဲ ကြားရတယ်။ တစ်ညလုံးဘဲ ပစ်ခတ်နေတာ။ ဒီမနက် ၂ နာရီဝန်းကျင်အထိ ကြားနေရသေးတယ်။ လက်နက်ကြီး အကြိမ် ၈၀ လောက်တောင်ကြားရတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG ကို ပြောဆိုသည်။
ထိုသို့ ယမန်နေ့ညက စစ်ကောင်စီ ၅၈ တပ်ရင်းမှ အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သောကြောင့် ဝိုင်းမော် လဘန်ကျေးရွာတွင် လက်နက်ကြီးတစ်လုံးကျပြီး မွေးမြူရေးဝက်ခြံမှ ဝက်များ သေဆုံးမှုရှိခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ် ၂ ရက်ညကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။
တစ်ချိန်တည်းတွင် အာဏာသိမ်းစစ်တပ်က KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ဘက်သို့လည်း လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။







