မြောက်ပိုင်းအဖွဲ့များနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က သီးခြားကတိပေးခြင်းမျိုး မရှိခဲ့

မြောက်ပိုင်းအဖွဲ့များနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က သီးခြားကတိပေးခြင်းမျိုး မရှိခဲ့
by -
မဇ္ဈိမ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် မြောက်ပိုင်းအဖွဲ့များ ယမန်နေ့(မေလ ၂၆)ရက်)ညနေပိုင်းက တွေ့ဆုံရာတွင် မြောက်ပိုင်းအဖွဲ့များသို့ သီးခြားကတိကဝတ် ပေးခဲ့ခြင်းမျိုးမရှိခဲ့ဟု ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးက ပြောလိုက်သည်။

 “ကတိကဝတ်အနေနဲ့ သီးခြားတော့ မရှိဘူး။ သို့သော် ပဋိပက္ခဖြစ်နေတဲ့နေရာမှာ ဘယ်လောက်ပဲ တိုက်ပွဲတွေဖြစ်ကြပါစေ၊ ဆွေးနွေးညှိနှိုင်းတဲ့လမ်းကြောင်းကတော့ ရှိသင့်တယ်လို့ ယူဆတဲ့အတွက်   နှစ်ဘက်စလုံးက ဒါကိုလက်ခံတယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆိုသည်။

မေလ ၂၇ ရက် နံနက် ၂၁ ရာစုပင်လုံညီလာခံ ကျင်းပရာ အဆောက်အဦတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောလိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က အပစ်ရပ်လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော မြောက်ပိုင်းမဟာမိတ်အဖွဲ့များ ဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA၊  မိုင်းလားအဖွဲ့ NDAA ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP – SSA ၊ တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၊ ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နှင့် ရခိုင့်တပ်မတော် AA တို့နှင့် ယမန်နေ့(မေလ ၂၆ရက်)မွန်းလွဲ ၂ နာရီခန့်က အချိန်ခွဲ၍ တွေ့ဆုံခဲ့သည်။

မြောက်ပိုင်းအဖွဲ့များအနေဖြင့် တပ်မတော်ဘက်မှ ထိုးစစ်ဆင်မှုများ ရပ်တန့်ပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးစဉ်ပြောကြားခဲ့သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တွဲဖက် အထွေထွေအတွင်းရေးမှူး (၂) တာပန်လှက ပြောသည်။

“၂၁ ရာစုပင်လုံကို နေပြည်တော်မှာပဲ ကြီးကြီးကျယ်ကျယ်လုပ်တာမကဘဲ ၊တကယ့်မြေပြင်မှာလည်း (စစ်ပွဲတွေ)ရပ်တန့်ဖို့ လိုအပ်တယ်။ ကျွန်တော်တို့က လုံခြံုတဲ့တောထဲမှာပဲ နေတာပါ၊ တပ်ဖက်က ကျွန်တော်တို့နေတဲ့နေရာကို လာတိုက်ခိုက်တာမဟုတ်ဘဲနဲ့ သူတို့ရဲ့ မူလတပ်ရင်းကို ပြန်သွားမယ်ဆိုရင် တိုက်ပွဲတွေ ရပ်တန့်သွားမှာပါ” ဟု (TNLA) တွဲဖက် အထွေထွေအတွင်းရေးမှူး (၂) တာပန်လှက ဆိုသည်။

ယခုအချိန်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံဒုတိယအစည်းအဝေးကိုမေလ ၂၄ ရက်မှ ၂၈ရက်ထိငါးရက်ကြာကျင်းပလျှက်ရှိပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့(၇)ဖွဲ့သည်လည်း ပင်လုံဒုတိယအစည်း အဝေးဖွင့်ပွဲအခမ်းအနားနှင့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

၂၁ရာစု ပင်လုံ ဒုတိယအစည်းအဝေးသို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့များသည့် တရုတ်နိုင်ငံအစိုးရ၏ တိုက််တွန်းချက်နှင့် UPDJC ၏ ဖိတ်ကြားချက်ကြောင့် တက်ရောက်လာခဲ့ခြင်းဖြစ်ပြီး   ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ငြိမ်းချမ်းရေးကောင်မရှင်နှင့် ယုံကြည်မှုတည်ဆောက်ရန်အတွက် ညီလာခံပြင်ပအခင်းအကျင်းဖြင့် တွေ့ဆုံကြခြင်းဖြစ်ပြီးမေလ ၂၇ရက်နေ့လည်တွင် အဆိုပါ မြောက်ပိုင်းမဟာမိတ်အဖွဲ့များ နေပြည်တော်မှ ပြန်သွားခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့်ပတ်သက်ပြီး NCA လမ်းကြောင်းအတွင်းမှသာ လုပ်ဆောင်သွားမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က မေလ ၂၄ ရက်တွင် ကျင်းပသော ၂၁ ရာစု ပင်လုံညီလာခံဖွင့်ပွဲမိန့်ခွန်းများတွင် အသီးသီး အတိအလင်းပြောကြားထားသည်။

NCA လက်မှတ်ရေးထိုးရန် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခုနစ်ဖွဲ့ အပါ အဝင် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်တိုင်းရင်းသားလက် နက်ကိုင် လေးဖွဲ့တို့ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည်။

Most read this week

March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...