KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြင့် ပထမဆုံးအကြိမ် အမျိုးသမီးတစ်ဦး ယမန်နေ့ သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူမှာ Munglai Hkyet Quarantine Center တွင် ကိုဗစ်အတည်ပြုလူနာအဖြစ် ဆေးကုသခံယူနေရသည့် အသက် ၄၂ အရွယ် အမျိုးသမီးတစ်ဦးဖြစ်ကြောင်း KIO ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးအဖွဲ့မှ ဗိုလ်မှူးကြီးဟိန်းဝမ်က KNG ကို ပြောသည်။
“ဒီမနက် ၇ နာရီဝန်းကျင်လောက်မှာ ဆုံးသွားတာဟုတ်တယ်။ သေဆုံးသွားတဲ့အမျိုးသမီးက နဂိုကနေ သွေးတိုးနဲ့ ဆီးချို ၂ မျိုးစလုံး ရောဂါ အခံရှိတဲ့သူဖြစ်တယ်။ ပိုးစတွေ့တဲ့နေ့ဘဲ သူ့ကို ဆေးကုသတဲ့နေရာကို ပို့လိုက်တယ်။ ပိုးတွေ့တုန်းကတော့ ပုံမှန်ဖြစ်သေးတယ်။ မနေ့ကဘဲ အခြေအနေပိုဆိုးလာပြီး ဒီကနေ့ဆုံးသွားတာဖြစ်သည်ဟု” ပြောဆိုသည်။
သေဆုံးသွားသည့် အမျိုးသမီးမှာ လိုင်ဇာဝေကျိုင်တွင် နေထိုင်သူဖြစ်ကာ ဇူလိုင်လ ၂၉ ရက်နေ့တွင် ပိုးစစ်ဆေးတွေ့ရှိခဲ့သူဖြစ်သည်။
ဩဂုတ်လ ၃ ရက်နေ့အထိ လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၀ ဦးကျော်ထိရှိလာပြီဖြစ်ကာ အများစုမှာ ဝေကျိုင်နှင့် ရပ်ကွက် ၅ တို့တွင်ဖြစ်သည်။
KIO ထိန်းချုပ်နယ်မြေများအနက် မိုင်ဂျာယန်သည် ပိုးတွေ့လူနာဦးရေ ၇၀၀ ကျော်ဖြင့် အများဆုံးဖြစ်သည်။







