ချင်းပြည်နယ်တွင် တိုင်းရင်းသားရေးရာဝန်ကြီးခန့်အပ်ခြင်း၏ ပဟေဠိ

ချင်းပြည်နယ်တွင် တိုင်းရင်းသားရေးရာဝန်ကြီးခန့်အပ်ခြင်း၏ ပဟေဠိ

ချင်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးအတွက် ၂၀၀၈ အခြေခံဉပဒေ ပုဒ်မ ၄၁၉ အရ ပလက်ဝမြို့တွင်နေထိုင်သော ရခိုင်လူမျိုး ဉီးစိန်ထွန်းလှကို စစ်ကောင်စီမှ ခန့်အပ်မှုအပေါ် မေးခွန်းထုတ်စရာ အများအပြားရှိလာပါသည်။ ၎င်းတို့စွဲကိုင်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဉပဒေအရ ချင်းပြည်နယ်တွင် လူမျိုးခြားရေးရာဝန်ကြီး ခန့်အပ်နိုင်လောက်အောင် လူဉီးရေအလုံအလောက် ရှိ/မရှိ ဆိုသည့်အချက်နှင့် ထိုသို့ မဖြစ်ဖြစ်အောင် ခန့်အပ်ခြင်း၏နောက်ကွယ်တွင် စစ်ကောင်စီ၏ ကစားကွက် မည်ကဲ့သို့ရှိသနည်း ဆိုသည့်အချက်သည် အထူးတလေ စဉ်းစားစရာဖြစ်ပါသည်။

ပထမချက်အနေဖြင့် စစ်ကောင်စီမှ ပုဒ်မ ၄၁၉ အရ ဝန်ကြီးများခန့်အပ်ခွင့်ရှိသော်လည်း ရေးရာဝန်ကြီးဆိုင်ရာခန့်အပ်မှုကို ဖွဲ့စည်းပုံအခြေခံဉပဒေ ပုဒ်မ ၁၆၁ (ဂ) တွင် အတိအလင်းပြဌာန်းထားသည့်အတွက် ၎င်းနှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ်သည်။ အဆိုပါ ပုဒ်မ ၁၆၁ (ဂ) အရ ပြည်နယ်တစ်ခုတွင် နိုင်ငံတော်လူဉီးရေ၏ ၀.၁ ရာခိုင်နှုန်းအထက် လူဉီးရေရှိသည့် အခြားလူမျိုးများရှိမှ အဆိုပါလူမျိုးအတွက် ရေးရာဝန်ကြီးနေရာတစ်ခုကို ၎င်းပြည်နယ်တွင် ဖွဲ့စည်းပေးရမှာဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံတွင် လူဉီးရေ ၅၄ သန်းရှိသည်။ ယင်း၏ ၀.၁ ရာခိုင်နှုန်းသည် ငါးသောင်းလေးထောင်ဖြစ်သည်။

စစ်ကောင်စီက ဉီးစိန်ထွန်းလှကို တိုင်းရင်းသားရေးရာဝန်ကြီးဟုခန့်အပ်ပြီး ‘မည်သည့်တိုင်းရင်းသားရေးရာ’ ဆိုသည်ကို မဖော်ပြပေ။ အမှန်စင်စစ် တိတိကျကျ ဖော်ပြရမည်။ အရင်အစိုးရလက်ထက်များတွင် တိုင်းရင်းသားရေးရာဝန်ကြီး ၂၉ ဉီးခန့်အပ်ထားပြီး မည်သည့်လူမျိုးရေးရာ ဆိုသည်ကို အတိအလင်းဖော်ပြခဲ့သည်။

မည်သို့ပြင်ဆိုစေ ချင်းပြည်နယ်အတွင်း ခန့်အပ်သည့် ရခိုင်လူမျိုး ဉီးစိန်ထွန်းလှသည် ရခိုင်ရေးရာဝန်ကြီး (ဌာန) အဖြစ် ခန့်အပ်ထားခြင်းဖြစ်သည်မှာ သိသာနေပြီး ထိုသို့ခန့်အပ်ခြင်းအားဖြင့် ချင်းပြည်နယ်တွင် ရခိုင်လူမျိုး ၅၄,၀၀၀ ဉီးအထက်ရှိသည်ဟု စစ်ကောင်စီက သတ်မှတ်လိုက်ခြင်းဖြစ်ပါသည်။

ချင်းပြည်နယ်တွင် ရခိုင်လူမျိုး အမှန်တကယ် ငါးသောင်းကျော်ရှိနိုင်မလား။ ချင်းပြည်နယရှိ ရခိုင်လူမျိုး ၉၉ ရာခိုင်နှုန်းသည် ပလက်ဝမြို့နယ်တွင် နေထိုင်ကြပါသည်။ ချင်းပြည်နယ် အခြားမြို့နယ်များတွင် ရခိုင်လူမျိုးမှာ ဝန်ထမ်းများသာရှိပြီး ရှိလှမှ ရာဂဏန်းမျှသာရှိမည်။ ကုလားတန်မြစ်တကျောတွင် အများစုနေထိုင်ကြပြီး ထိုအထဲတွင် ရာသီအလိုက်နေထိုင်သူများ (ယာယီသဘောဖြင့်နေထိုင်သူများ) ခပ်များများရှိပါသည်။ စစ်ကောင်စီနှင့် အေအေ (AA) တိုက်ပွဲ ငါးနှစ်ကျော်အတွင်း ပလက်ဝမြို့နယ်ရှိ ရခိုင်လူမျိုးများကို စစ်ကောင်စီက ပြစ်မှတ်ထားထိုက်ခိုက်လေ့ရှိသဖြင့် ခပ်များများသည် ရခိုင်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ကြသည်ကိုလည်း တွေ့ရပါသည်။

ချင်းပြည်နယ်တွင် ရခိုင်လူဉီးရေ အမှန်တကယ် မည်မျှရှိမည်နည်း။ အစိုးရက တရားဝင်ဖော်ပြခြင်းမရှိသော်လည်း ၂၀၀၃ ခုနှစ်တွင် ဗိုလ်မှုးကြီး လှမြင့် ရေးသားသည့်စာအုပ်၌ ချင်းပြည်နယ်တွင် ရခိုင်လူဉီးရေ ၁၈,၅၇၅ ဉီး ရှိသည်ဟု ဖော်ပြသည်။ ပလက်ဝတွင် တာဝန်ထမ်းဆောင်သော ခေါင်းဆောင်တစ်ဉီး၏ စာရင်းအရ လက်ရှိတွင် ပလက်ဝမြို့နယ်၌ လူဉီးရေ ၁၀၀,၉၀၀ ဉီးရှိပြီး ရခိုင်လူဉီးရေ ၂၇,၀၀၀ ရှိသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ပလက်ဝမြိုန့ယ် လူဉီးရေ ၉၇,၀၅၃ ရှိပါသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ချင်းပြည်နယ်အတွင်း ဗုဒ္ဓဘာသာဝင် ၆၂,၀၇၉ ဉီးရှိသည်။ မင်းတပ်နှင့် ကန်ပက်လက်မြိုနယ်များတွင် ဗုဒ္ဓဘာသာဝင် နှစ်သောင်းခန့်ရှိသည်။ ချင်းပြည်နယ်မြောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင် ရာဂဏန်းမျှသာရှိသည်။ အထက်ပါညွန်းကိန်းအရ ပလက်ဝမြို့နယ်တွင် ဗုဒ္ဓဘာသာဝင် ၄ သောင်းမှ အများဆုံး ၅ သောင်းအကြားရှိသည်။ ပလက်ဝမြို့နယ်ရှိ ချင်းဗုဒ္ဓဘာသာဝင် အနည်းဆုံး ၂ သောင်းခန့်ရှိသည်ဆိုလျှင်ပြင် ရခိုင် (အားလုံး ဗုဒ္ဓဘာသာဝင်ဖြစ်) လူမျိုးသည် မည်သို့မျှ ၃ သောင်းကျော်နိုင်စရာအကြောင်း မရှိပေ။

ရိုးရိုးလေးဖြင့် စဉ်းစားကြည့်ပါစို့။ လက်ရှိတွင် ပလက်ဝမြို့နယ်၌ လူဉီးရေ ၁ သိန်းစွန်းစွန်းရှိသည်။ လက်ရှိ စစ်ကောင်စီ၏ သတ်မှတ်ချက်အရ ပလက်ဝမြို့နယ်တွင် ရခိုင်လူမျိုး ၅ သောင်းကျော်ရှိလျှင် ပလက်ဝမြို့နယ်အတွင်း ချင်းလူမျိုးထက် ရခိုင်လူမျိုး ပိုများသည်ဟု သက်ရောက်သွားမည်။ ယင်းသည် လုံးဝမဖြစ်နိုင်သည့်၊ လက်ခံနိုင်စရာမရှိသည့် သတ်မှတ်ချက်ဖြစ်ပါသည်။

စဉ်းစားစရာတစ်ခုသည် စစ်ကောင်စီအနေဖြင့် ပလက်ဝမြို့နယ်အတွင်း တောခိုနေကြသော အေအေစစ်သားများကို စာရင်းထည့်နေသလောဆိုသည့်အချက် ဖြစ်ပါသည်။ သန်းခေါင်စာရင်းနှင့် နိုင်ငံတော်လူဉီးရေအင်အားစာရင်းတွင် မည်သည့်အချိန်အခါကမျှ မတရားအသင်းအဖြစ် သတ်မှတ်ထားသည့် တောတွင်းလက်နက်ကိုင်စစ်သားစာရင်းကို ထည့်သွင်းရိုးထုံးစံတော့ မရှိပေ။ ထိုကဲ့သို့ ပေါင်းထည့်သည်ဆိုလျှင်ပြင် အေအေစစ်သားသည် ပလက်ဝမြို့နယ်တွင် နှစ်သောင်း/သုံးသောင်းကျော် ရှိနိုင်မည်လော။ လုံး၀မဖြစ်နိုင်။

ချင်းပြည်နယ်တွင် ရခိုင်လူမျိုး အမှန်တကယ် အလုံအလောက်ရှိသောကြောင့် ရခိုင်ရေးရာဝန်ကြီး ခန့်အပ်ထားခြင်းဖြစ်ပါက မည်သို့မျှ စောဒကတက်စရာအကြောင်း မရှိပေ။ မိမိတို့ ချင်းလူမျိုးများသည် ဘာသာရေးအရသော်လည်းကောင်း၊ လူမျိုးရေးအရသော်လည်းကောင်း၊ မတူကွဲပြားသူများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို ယဉ်ကျေးမှုတစ်ခုအဖြစ် လက်ခံထားသည့်လူမျိုးများ ဖြစ်ပါသည်။

သို့သော် အထက်တွင်ဖော်ပြထားသည့်အတိုင်း ယခုကဲ့သို့ စစ်ကောင်စီ၏လုပ်ရပ်သည် ရခိုင်နှင့် ချင်းလူမျိုးအကြား ရန်တိုက်ပေးခြင်းသက်သက် ဖြစ်သောကြောင့်သော်လည်းကောင်း၊ ချင်းပြည်နယ်သည် လူမျိုးခြားရေးရာဝန်ကြီး တစ်ဉီးမှမရှိခဲ့သည့် တစ်ခုတည်းသော ပြည်နယ်ဖြစ်ခဲ့သည်ကို လူမျိုးများ ရောနှောပျောက်ကွယ်စေလိုသော တမင်တကာဖန်တီးသည့် လုပ်ရပ်ဖြစ်သောကြောင့်လည်းကောင်း၊ မိမိတို့အနေဖြင့် လုံးဝ (လုံးဝ) လက်မခံသင့်သောအရာဖြစ်သည်။

ထို့ကြောင့် ဤကဲ့သို့သောလုပ်ရပ်ကို ချင်းနှင့် ရခိုင်ညီအကိုများက ပူးပေါင်းတိုက်ထုတ်သင့်ပါသည်။ ယင်းသို့ ဆန့်ကျင်လှုပ်ရှားသည့်အနေဖြင့် ရခိုင်နှင့် ချင်းအခြေစိုက်အဖွဲ့အစည်းများက ပူးပေါင်းသဘောထားထုတ်ပြန်ချက်များ ထုတ်သင့်သည့်အပြင် အထူးသဖြင့် ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသော အဆိုပါ ရခိုင်ညီအကိုအနေဖြင့် မိမိအား ခန့်အပ်တာဝန်ပေးမှုကို ပြတ်ပြတ်သားသား ငြင်းဆန်သင့်ပါသည်။ သို့မဟုတ်ပါက မလိုလားအပ်သည့် ပြသနာများ အမြစ်တွယ်နိုင်သည်။

ဆလိုင်းကျဲအိုဘိခ်ထောင်

 
 

 

 

Most read this week

December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...
December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...