မြေပုံနှင့် အမ်းရှိ မြို့တစ်မြို့အပါအဝင် ကျေးရွာ ၇ ရွာ တစ်ပတ်ကြာ လျှပ်စစ်မီးပြတ်တောက်နေ၍ ဒေသခံများ ကျန်းမာရေး၊ လူမှုရေး အခက်အခဲများရှိနေ

မြေပုံနှင့် အမ်းရှိ မြို့တစ်မြို့အပါအဝင် ကျေးရွာ ၇ ရွာ တစ်ပတ်ကြာ လျှပ်စစ်မီးပြတ်တောက်နေ၍ ဒေသခံများ ကျန်းမာရေး၊ လူမှုရေး အခက်အခဲများရှိနေ

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့အပါအဝင် ကျေးရွာ ၄ ရွာနှင့် အမ်းမြို့နယ်ရှိ ကျေးရွာ ၃ ရွာ လျှပ်စစ်မီးပြတ်တောက်နေသည်မှာ ရက်သတ္တတစ်ပတ် ကြာမြင့်နေပြီဖြစ်၍ ဒေသခံများ အခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။

လွန်ခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့မှစ၍ လျှပ်စစ်မီးပြတ်တောက်နေသည့်အတွက် ချက်ပြုတ်စားသောက်ရေးအပါအဝင် ဆက်သွယ်ရေး အတွက်ပါ ခက်ခဲနေကြောင်း ဒေသခံများက နိရဥ္စရာသို့ ပြောသည်။

ကမ်းထောင်းကြီးမြို့မှ ကိုထွန်းထွန်းစိုးက "မီးပြတ်နေတာ ၇ ရက်တစ်ပတ်ရှိပြီ။ ဒီနေ့ တစ်ပတ်ပြည့်တယ်။ မီးပြတ်နေတော့ ဖုန်းအားတွေလည်း မသွင်းရဘူး။ အဆက်အသွယ်တွေလည်း တော်တော်ပြတ်တယ်။  ဖုန်းလည်း ဘတ်ထရီမဖြည့်ရ၊ တီဗွီလည်းမကြည့်ရဆိုတော့ ကိုဗစ်သတင်းအချက်အလက်တွေလည်း မရဘူး။ဆိုတော့ခါ လူတွေပေါ့လျော့လာတာရှိတယ်။ နောက်ပြီး တခြားနေရာက သတင်းတွေလည်းမသိရတော့ နည်းနည်းပေါ့လျော့လာကြတာပေါ့" ဟု ပြောသည်။

လျှပ်စစ်မီးပြတ်တောက်နေသည့် နေရာများမှာ မြေပုံမြို့နယ်တွင် ကမ်းထောင်းကြီးမြို့အပါအဝင် ကမ်းထောင်းကြီးဓာတ်အားခွဲရုံမှ လျှပ်စစ်မီးပေးထားရသည့် တပ်ရာ၊ ပေါက်တူးတောင်၊ သရက်တောင်၊ ကျေးတော ကျေးရွာများဖြစ်ပြီး အမ်းမြို့နယ်တွင် ရူး၊ ဒုက္ကန်၊ ရူး (ချင်းရွာ) ကျေးရွာများဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကူးစက်လူနာ ၂၄ ဦးအထိရှိခဲ့သော အမ်းမြို့နယ် ရူးစံပြကျေးရွာတွင်လည်း လျှပ်စစ်မီးပြတ်တောက်နေသဖြင့် ကိုဗစ်ကာကွယ်ရေးလုပ်ဆောင်မှုများအပြင် ချက်ပြုတ်စားသောက်ရေးပါ အခက်အခဲများရှိနေကြောင်း သိရသည်။

"ဒီနေ့ ကိုဗစ်ဆေးထိုးတယ်။ မီးမလာတော့ ကိုဗစ်ဆေးထိုးဖို့ စာရင်းတွေလုပ်တာကအစ ခက်ခဲသွားတယ်ပေါ့။ မီးပြတ်နေတော့ အိမ်မှာ ထမင်းစားဖို့အရေးကအစ လျှပ်စစ်မီးနဲ့ ထမင်းချက်ရတော့ အခက်အခဲတွေ ဖြစ်တာပေါ့" ဟု ရူးစံပြကျေးရွာအုပ်ချုပ်ရေးမှုး ဦးခင်မောင်ထွန်းက ပြောသည်။

ဇူလိုင်လ ၂၆ ရက်မှစပြီး အမ်းပင်မဓာတ်အားခွဲရုံကြီးတွင် ထရန်စဖော်မာရှော့ခ်ဖြစ်၍ အမ်းမြို့နယ်တစ်ခုလုံးနှင့် ကမ်းထောင်းကြီးဓာတ်အားခွဲရုံများတွင် လျှပ်စစ်မီး ပြတ်တောက်နေခြင်းဖြစ်သည်။

အမ်းပင်မဓာတ်အားခွဲရုံမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်စိုးက "ကမ်းထောင်းကြီးက ကြိုးတွေဘာတွေလည်း မီးလောင်ပြီးပြတ်ကျတာဆိုတော့ ကမ်းထောင်းကြီး မြို့နယ်လျှပ်စစ်မှူးနဲ့ခရိုင်လျှပ်စစ် အင်ဂျင်နီယာတို့က ကြိုးတွေပြန်ဆွဲတာတို့ လိုအပ်တာတွေ ဆက်တိုက်လုပ်နေကြတယ်ဗျ။ သူတို့အားလုံးပြီးရင်တော့ ကျနော့်ဆီက မီးပြန်လွှတ်ဖို့ အသင့်ပဲဗျ" ဟု နိရဥ္စရာသို့ပြောသည်။

ပြန်ပြင်နေမှု မည်သည့်အချိန်တွင် ပြီးစီးနိုင်မည်ဆိုသည်ကို လောလောဆယ် မသိနိုင်သေးဟုလည်း ဆိုသည်။

မီးပြတ်တောက်ပြီးနောက် ဇူလိုင်လ ၂၈ ရက်နေ့တွင် အမ်းမြို့တွင်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် အမ်းမြို့နယ် တပ်တောင်မြို့တို့ကို လျှပ်စစ်မီးပြန်ပေးနိုင်ခဲ့ကြောင်း သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...