မိုးအဆက်မပြတ်ရွာသွန်း၍ တစ်ပတ်အတွင်း ဒုတိယအကြိမ် တောင်ကုတ်မြို့ အနိမ့်ပိုင်းနေရာများသို့ ရေစတင်ဝင်ရောက်

မိုးအဆက်မပြတ်ရွာသွန်း၍ တစ်ပတ်အတွင်း ဒုတိယအကြိမ် တောင်ကုတ်မြို့ အနိမ့်ပိုင်းနေရာများသို့ ရေစတင်ဝင်ရောက်

မိုးရွာသွန်းမှုများခြင်းကြောင့် တောင်ကုတ်မြို့နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး မြို့၏ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ယနေ့ ဩဂုတ်လ ၂ ရက် နံနက်ပိုင်း ၁၀ နာရီလောက်က ဒုတိယအကြိမ် ရေများ စတင်ဝင်ရောက်လာကြောင်း သတင်းရရှိသည်။

လက်ရှိ တောင်ကုတ်မြို့ပေါ်ရပ်ကွက်များသို့ ရေစတင်ဝင်ရောက်လာခြင်းကြောင့် မြေနိမ့်ပိုင်းတွင်တည်ရှိသည့် နေအိမ်များနှင့် လမ်းကြိုလမ်းကြားများ၌ ရေစတင်နစ်မြုပ်နေပြီဖြစ်ကြောင်း တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်နေ ကိုရဲမာန်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“တောင်ကုတ်မြို့ပေါ်မှာကတော့ အနိမ့်ပိုင်းကျတဲ့နေရာတွေက အကုန်လုံးမြုပ်နေပါတယ်။ ကျနော်တို့အိမ်ဆိုရင်လည်း အောက်ထပ်ကို ရေတွေစဝင်နေပြီ။ ကျနော်တို့ဖက်ကတော့ မိုးအရမ်းရွာတဲ့အခါ မြောင်းတွေကလည်းပိတ်နေတော့ ရေထွက်ပေါက်မရှိလို့ မိုးရေဝင်ပြီး ပြည့်လာတာပေါ့” ဟု ပြောသည်။

တောင်ကုတ်မြို့တွင် ရပ်ကွက် (၄) ခုရှိပြီး ကံပိုင်၊ ဂူတာ၊ သိမ်တောင်နှင့် ချောင်းကောက် စသည့် ရပ်ကွက်များဖြစ်ကြကာ တောင်ကုတ်ချောင်း အနီးတွင်ရှိသည့် သိမ်တောင်နှင့် ချောင်းကောက် ရပ်ကွက်များတွင် မိုးရွာသွန်းမှုများခြင်းနှင့်အတူ ချောင်းရေများပါဝင်ရောက်ကြောင်း သိရသည်။

“ချောင်းကောက်ရပ်ကွက်ဆိုရင်လည်း ချောင်းနဲ့နီးတယ်။ သိမ်တောင်လည်း အဲလိုပါပဲ။ လောလောဆယ်မှာတော့ မိုးကလည်း ရွာနေတုန်းပဲရှိသေးတယ်။ မိုးက ဆက်ပြီးရွာနေအုံးမယ်ဆိုရင် ရေကပိုတက်လာနိုင်တယ်။ ကျနော်တို့ဖက်ကတော့ နှစ်စဉ်နှစ်တိုင်းဆိုသလို ဒီလိုဖြစ်နေတာ။ အနိမ့်ပိုင်းနေရာတွေဆိုရင်တော့ နည်းနည်းစိုးရိမ်ရပါတယ်” ဟု ကိုရဲမာန်ကဆိုသည်။

တောင်ကုတ် ရှင်သန်ရေးကူညီမှုအသင်းမှ ကိုညိုမင်းအောင်ကလည်း မြို့ပေါ်ရပ်ကွက်တွေမှာ မိုးရွာသွန်းမှုများတဲ့အတွက် နေအိမ်တွေအတွင်းသို့ ရေဝင်ရောက်လာပြီး လက်ရှိအချိန်မှာ စိုးရိမ်စရာမရှိသေးကြောင်း ပြောသည်။

ရခိုင်ပြည်နယ်အတွင်း မိုးရွာသွန်းမှုများခြင်းကြောင့် ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်နေ့ ရက်ပိုင်းကလည်း သံတွဲနှင့် တောင်ကုတ်မြို့နယ်အပါအဝင် တစ်ခြားမြို့နယ်တချို့မှာ ရေကြီးရေလျှံမှုနှင့်ရင်ဆိုင်ခဲ့ရပြီး ပြည်နယ်တွင်းက စစ်ဘေးရှောင်စခန်းများတွင်လည်း ရေကြီးမှုများနှင့် ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

 
 

 

 

Most read this week

August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...