ရိက္ခာပြတ်နေ၍ ထောက်ပံ့ပေးရန် ကမ်းထောင်းကြီးစစ်ရှောင်စခန်းတွင် အိုးခွက်ပန်းကန်များကိုကိုင်ပြီး တောင်းဆို

ရိက္ခာပြတ်နေ၍ ထောက်ပံ့ပေးရန် ကမ်းထောင်းကြီးစစ်ရှောင်စခန်းတွင် အိုးခွက်ပန်းကန်များကိုကိုင်ပြီး တောင်းဆို

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာများ ပြတ်လပ်၍ အခက်အခဲကျရောက်နေသဖြင့် ရိက္ခာများထောက်ပံ့ပေးရန် စစ်ဘေးရှောင်များက အိုးခွက်ပန်းကန်များကိုကိုင်ဆောင်ပြီး လမ်းပေါ်ထွက်ကာ တောင်းဆိုခဲ့ကြသည်ဟု စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးလှဝင်းအောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

"စားနပ်ရိက္ခာပြတ်လပ်နေတာ တစ်ပတ်လောက်ရှိနေပြီ။ အဓိကတော့ ဆန်ပေါ့ဗျာ။ အခုလက်ရှိမှာ တော်တော်အခက်ခဲကြုံနေရတာပါ။ အဖွဲ့အစည်းတွေကလည်း မထောက်ပံ့တာကြာပြီ။ ဒီကိုဗစ် ရောဂါတွေကြောင့်။ ကျန်တာတွေတော့ အကုန်အဆင်ပြေပါတယ်။ စားနပ်ရိက္ခာပဲ အဓိက လိုအပ်နေတာပါ။ ဒါကြောင့် စခန်းရှေ့ လမ်းပေါ်ထွက်ပြီး ပန်းကန်အိုးခွက်တွေကိုင်ပြီး တောင်းဆိုရတာပါ" ဟု ၎င်းကပြောသည်။

စားနပ်ရိက္ခာပြတ်၍ လှုပ်ရှားမှုပြုလုပ်ကာ တောင်းဆိုခြင်းဖြစ်ပြီး ဆန္ဒပြခြင်းမဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ဘေးရှောင်တစ်ဦးက "ကျနော်တို့ အင်မတန်ဒုက္ခရောက်နေပါတယ်။ ကျနော်တို့ကို ငွေတစ်ရာပဲတတ်နိုင်နိုင်၊ ငါးရာပဲတတ်နိုင်နိုင် စုပြီး ဝိုင်ဝန်းပြီးကူညီပေးကြပါ။ တတ်နိုင်သလောက်။ ကျနော်တို့မှာ အခု အရေးကြီးဆုံးက စားဝတ်နေရေး။ တော်တော်အခက်ခဲ ဒုက္ခရောက်နေပါတယ်" ဟု ပြောသည်။

ရှေ့တစ်ရက်နှစ်ရက်တွင် စခန်းသို့ စားနပ်ရိက္ခာအကူအညီမရောက်လျှင် အငတ်ဘေးကျရောက်နိုင်သည်ဟု ၎င်းကပြောသည်။

မြေပုံမြို့နယ် ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၂၅၅ စုနှင့် လူဦးရေ ၈၇၁ ဦးရှိကြောင်း သိရှိရသည်။

 
 

 

 

Most read this week

August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...