ကချင်နှင့် စစ်ကိုင်းနယ်စပ်တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု များပြား

ကချင်နှင့် စစ်ကိုင်းနယ်စပ်တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု များပြား

ကချင်-စစ်ကိုင်းနယ်စပ် နန့်စီးအောင်ကျေးရွာအနီး အာဏာသိမ်းစစ်တပ်၏ စစ်ရိက္ခာသယ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများကြောင်း သိရသည်။

ယနေ့နံနက် ၁၀ နာရီခွဲဝန်းကျင်ခန့်က စစ်ရိက္ခာတင်ကာ တက်လာသော စစ်ကား ၄ စီးကို မောလူး နန့်စီးအောင်ကြား လွဲခူးတောင်ခြေတဝိုက်တွင် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး အမည်မဖော်လိုသူ နမ့်စီးအောင် ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“တိုက်ပွဲဖြစ်တာက ၁၀ နာရီလောက်ကနေစဖြစ်တယ်။ ပေါက်ကွဲသံအရင်ကြားပြီးမှ သေနတ်သံပြန်ကြားရတယ်။ အိမ်တောင်တုန်တယ်။ စစ်ရိက္ခာတင်တဲ့ကားတွေက ခါတိုင်းနေ့ဆို အရမ်းများတယ်။ ဒီနေ့က ၄ စီးလောက်ဘဲတွေ့ရတာ” ဟု ပြောဆိုသည်။

ယာဉ်တန်းတိုက်ခိုက်ခံရသော နေရာတွင် ၄၅ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများကာ မိုးညှင်းဆေးရုံသို့ တင်ပို့လာကြောင်း သိရသည်။

“KIA ဘက်က ထိခိုက်မှုမရှိဘူးလို့ သိရတယ်။ ရှေ့တန်းက လူကြီးတွေနဲ့မေးကြည့်တယ်။ စစ်ကောင်စီဘက်က တော်တော်လည်း ထိခိုက်ပုံရတယ်။ ဘယ်လောက်ထိဆိုတာက အတိအကျတော့မသိရဘူး။ ကချင်ပြည်နယ်ဘက်ခြမ်းက လူနာတင်ကားတွေအများကြီး တွေ့ရတယ်” ဟု အထက်ပါ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောဆိုသည်။

ယနေ့နံနက် ထိခိုက်သေဆုံးမှု များပြားခဲ့သောကြောင့် စစ်ကောင်စီတပ်သည် KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့ဘက်သို့ လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်နေကြောင်း ထပ်မံသိရသည်။

ထို့အပြင် စစ်ကိုင်းတိုင်းဘက်မှ စစ်အင်အားအများအပြား ကားလမ်းအတိုင်း ပြန်တက်လာနေကြောင်းလည်း ဒေသခံများ၏ ပြောဆိုချက်မှ သိရပါသည်။

အဆိုပါနေရာတစ်ဝိုက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ အောက် တပ်ရင်း ၃၅ နယ်မြေဖြစ်သည်။

ဇူလိုင် ၂၉ ရက် ယမန်နေ့ညကလည်း ဝိုင်းမော်အခြေစိုက် ခလရ ၅၈ တပ်ရင်း၊ မိုးကောင်း စကခ ၃ နှင့် နမ္မတီး မရန်ကထာင် စစ်တပ်ဂိတ်တို့ကို KIA က ပစ်ခတ်ခဲ့သည်။

ထို့အပြင် ဇူလိုင် ၂၉ ရက်နေ့က မိုးမောက်မြို့နယ် လဂျားယန်ကျေးရွာတွင်လည်း စစ်ကောင်စီယာဉ်တန်းကို KIA က တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 
 

 

 

Most read this week

August 4, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ ရှဒေါင်ကျေးရွာတွင် အလယ်တန်းကျောင်းသားအရွယ် ကလေးများအကြား...
ပူတာအိုမြို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကိုရဲ / Crd)
August 3, 2026
ကချင်ပြည်၊ ပူတာအိုဒေသတွင် ကုန်စည်ဝင်ရောက်မှု အခက်အခဲများကြောင့် အခြေခံ စားသောက်ကုန်...
ဓါတ်ပုံ - ပုံဟောင်း
August 3, 2026
ကချင်ပြည်၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းပိုင်းရှိ လမုန်ဇွပ်စစ်တပ်ဂိတ်တွင် အမျိုးသား ၅ ဦးကို...
July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...