ကွတ်ခိုင်မြို့နယ်တွင် ကျွဲကျောင်းသား (၂) ဦး လက်နက်ကြီးထိမိ၊ တစ်ဦး ပွဲချင်းပြီးသေဆုံး

ကွတ်ခိုင်မြို့နယ်တွင် ကျွဲကျောင်းသား (၂) ဦး လက်နက်ကြီးထိမိ၊ တစ်ဦး ပွဲချင်းပြီးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့၊ နမ့်မောကျေးရွာအုပ်စု၊ နမ့်ဆာကျေးရွာတွင် ကျွဲကျောင်းသား (၂) ဦး လက်နက်ကြီးထိမိကာ တစ်ဦးသေဆုံးပြီး၊ တစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၇ မနက် ၁၀ နာရီခန့်တွင် အသက် (၂၀) အငိုနှင့် (၁၄) နှစ်အရွယ် အယိုင်တို့သည် ကျွဲသွားကျောင်းရင်း မပေါက်ကွဲသေးသည့် လက်နက်ကြီးထိမိသောကြောင့် ထိုနေရာတွင် အငိုဆိုသူက သေဆုံးသွားပြီး အယိုင်က ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

“အကြီးကောင်က ပွဲချင်းပြီးသေသွားတာ။ အငယ်တယောက်တော့ ဗုံးစမှန်းလို့ မျက်နှာတွေထိတယ်။ ခြေထောက်တွေကောထိတယ်။ ကျွဲကျောင်းသွားရင်းဖြစ်တာ။ အဲနေရာက အရင်က ရွာဟောင်းဖြစ်တယ်” ဟု နမ့်ဆာရွာခံ အမျိုးသမီးတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဒဏ်ရာပြင်းထန်စွာရရှိသည့် အယိုင်သည် တာမိုးညဲဆေးရုံးတွင် လက်ရှိဆေးကုသမှုခံယူနေရကြောင်း သိရသည်။

“သူကတော့ ကျန်းမားရေးတော့ သိပ်စိတ်မပူရဘူး။ မျက်နှာတွေထိထားတော့ ရောင်နေတယ်။ ခြေထောက်တွေ နာနေတာ။ လမ်းလျှောက်လို့မရသေးဘူး” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

ထိုနေရာတွင် ဒေသခံများ တောင်ယာ၊ လယ်ယာသွားသည့် လမ်းဖြစ်သည့်အပြင် ကျွဲ၊နွားများကို လွတ်ထားသည့် နေရာဖြစ်ကြောင်း သိရသည်။

ထိုသို့ဖြစ်ပွားမှုကြောင့် ပြည်သူများကြောက်နေရပြီး တောင်ယာများကိုသွားရန်အတွက် စိုးရိမ်နေရကြောင်း၊ သက်ဆိုင်ရာများက လာရောက်ဖြေရှင်းစေလိုကြောင်း အထက်ပါ နမ့်ဆာရွာခံအမျိုးသမီးက ဆိုသည်။

“ကျမတို့ တောင်ယာသွားတဲ့လမ်းလည်း ဟုတ်တယ်။ ကျမတို့ ကြောက်တာပေါ့။ ခုဆို တောင်ယာတွေသွားဖို့တောင် မသွားရဲတော့ဘူး။ ဗုံးတွေကျန်နေသေးတယ်လို့ ကြားတယ်။ သက်ဆိုင်ရာသူတွေကို လာရှင်းပေးစေချင်တယ်” ဟု နမ့်ဆာရွာခံ အမျိုးသမီးက ပြောသည်။

ပေါက်ကွဲမှုမဖြစ်ခင်က ဇူလိုင် ၁၉ တွင် နမ့်ဆာရွာအနီးပတ်ဝန်းကျင်တွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

 
 

 

 

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...