ပလက်ဝ စိုက်ပျိုးရေးကွင်းရှိ စစ်ဘေးရှောင်စခန်း (IDP Camp) ရေမြုပ်ပြီး လူနေအိမ် (၅) ဆောင် ပြောင်းရွေ့နေရ

ပလက်ဝ စိုက်ပျိုးရေးကွင်းရှိ စစ်ဘေးရှောင်စခန်း (IDP Camp) ရေမြုပ်ပြီး လူနေအိမ် (၅) ဆောင် ပြောင်းရွေ့နေရ

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင် ဇူလိုင်လ ၂၃ ရက်နေ့ကစပြီး မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ပလက်ဝမြို့ပေါ် စိုက်ပျိုးရေးကွင်းရှိ IDP Camp ရေမြုပ်ပြီး လူနေအိမ် (၅) ဆောင် ပြောင်းရွေ့ပေးရသည်ဟု သိရသည်။

“အခု ရေတက်နေဆဲပဲ၊ အိမ်ခြေ ၅ ဆောင်လောက်တော့ မြုပ်ပြီ၊ စိုက်ပျိုးရေးကွင်းမှာရှိတဲ့ Camp လူဦးရေက ခန့်မှန်းခြေ ၂၀ ကျော်တော့ရှိမယ်၊ အခုက ရေက တက်နေဆဲပဲဖြစ်သေးတယ်၊ မိုးအရမ်းရွာတယ်ဆိုလို့ရှိရင် နောက်ထပ် ပြောင်းရမဲ့အနေအထားဖြစ်မယ်၊ အခု တိုင်းရင်ဆေးပေးခန်းကို ပြောင်းရွေ့ပေးထားတယ်၊ ဒီအဆောင်က အများဆုံးဆံ့ရင်တောင် ၁ဝ ဆောင်လောက်ပဲဆံနိုင်မယ်၊ အခုက ၅ ဆောင်လောက်က ရောက်နေပြီဆိုတော့ တကယ်လို့ရေမြုပ်မယ်ဆိုရင်တော့ နေရာအနေအထားတော့မရှိဘူး၊ နည်းနည်းအခက်အခဲ စိုးရိမ်စရာတော့ရှိတယ်” ဟု ပလက်ဝမြို့ လူမှုကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူ ဦးကျော်ရှိန်းက ပြောသည်။

ပလက်ဝမြို့ပေါ် စိုက်ပျိုးရေးကွင်း စစ်ဘေးရှောင်စခန်းသည် ကုလားတန်မြစ်ကမ်းဘေးတွင်ရှိပြီး အိမ်ခြေ ၂၁၉ အိမ်ထောင်စု၊ လူဦးရေ ၁၀၆၅ ဦးနေထိုင်ကြသည်ဟု သိရသည်။

ပလက်ဝမြို့တွင် မိုးများရွာသွန်းမှုသည် ရက်သတ္တပတ်ခန့်ရှိလာပြီး ကုလားတန်မြစ်ရေသည် လက်ရှိတွင် အမြင့်ပေ ၂၀ အထိ ရေတက်နေကာ ဆက်လက်မိုးများ ရွာသွန်းမှုရှိလာပါက ယခုထက် ရေကြီးရေလျှံမှုများဖြစ်လာနိုင်ပြီး IDP Camp လူနေအိမ်တွေအတွက် စိုးရိမ်ဖွယ်ဖြစ်လာနိုင်သည်ဟုလည်း သိရသည်။

ပလက်ဝမြို့နယ်သည် အာဏာသိမ်းစစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အကြီးအကျယ် စစ်ဘေးဒဏ်ခံခဲ့ရသောဒေသဖြစ်ပြီး လက်ရှိမှာလည်း ဒေသခံ တစ်သောင်းနီးပါးခန့် စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်။

 
 

 

 

May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...