သျှမ်းတပ် (၂) တပ် အပစ်ရပ်စဲရေးဖြစ်အောင် ကြိုးပမ်းနေဆဲဟု SNLD ပြော

သျှမ်းတပ် (၂) တပ် အပစ်ရပ်စဲရေးဖြစ်အောင် ကြိုးပမ်းနေဆဲဟု SNLD ပြော

သျှမ်းတပ် (၂) တပ် ဖြစ်ပွားနေသော တိုက်ပွဲကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာတပ်မှူးများနှင့် ချိတ်ဆက်ပြီး အပစ်ခတ်ရပ်စဲရေးဖြစ်အောင် ကြိုးပမ်းနေဆဲဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ပြောဆိုလိုက်သည်။

သျှမ်းတပ် (၂) တပ်သည် ဇွန်လဆန်းပိုင်းကစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ထိတိုင် စစ်ရေးတင်းမာနေသေးကာ တိုက်ပွဲကြောင့် စစ်ရှောင်ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

ထို့ကြောင့် သျှမ်းတပ် (၂) တပ် စစ်ရှိန်လျော့ပြီး တွေ့ဆုံဆွေးနွေးရန်အတွက် (၂) ဖက် သက်ဆိုင်ရာတပ်မှူးများနှင့် ချိတ်ဆက်ပြီး အပစ်ခတ်ရပ်စဲရေးဖြစ်အောင် ကြိုးပမ်းနေဆဲဟု SNLD မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုလည်းပဲ နှစ်ဖက် သက်ဆိုင်ရာတပ်မှူးတွေနဲ့ ချိတ်ဆက်ပြီးတော့မှ အပစ်ခတ်ရပ်စဲရေးဖြစ်အောင်ဆိုပြီးတော့မှ ကြိုးပမ်းနေဆဲဖြစ်တယ်။ ၂ ဖက်စလုံးက စစ်ရှိန်ကိုလျော့ပြီး တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိတယ်။ ဒါပေမယ့် ဘယ်နေ့ ဘယ်ချိန် ဘယ်နေရာမှာ တွေ့ဆုံမလဲ ဘယ်လိုပုံစံမျိုးနဲ့ ထပ်ပြီးတော့ ဆွေးနွေးမလဲဆိုတာတော့ အခုထက်ထိ ညှိနှိုင်းနေဆဲဖြစ်ပါတယ်” ဟု စိုင်းလိတ်က ဆိုသည်။

ဆက်လက်ပြီး နှစ်ဖက်တပ် တာဝန်ရှိသူများ၊ ရဲဘော်များ၊ (၂) ဖက်တပ်ကို ထောက်ခံအားပေးသည့် လူထုအနေဖြင့် မိမိ၏ စိတ်ခံစားချက်ပေါ် မူတည်ပြီး သတင်းမှားလွှင့်ခြင်း၊ မဟုတ်မမှန်သောသတင်းများကို ရှယ်ခြင်း (share) သည် စစ်ရှိန်ကို ပိုမိုမြင့်မားစေခဲ့သည့်အတွက် ဝိုင်းဝန်းရှောင်ကျဉ်ရန် တိုက်တွန်းလိုကြောင်း စိုင်းလိတ်ကပြောသည်။

“နှစ်ဖက်တပ်ကို ထောက်ခံအားပေးတဲ့ လူထုအနေနဲ့ ကိုယ့်ရဲ့ စိတ်ဆန္ဒအခံ ကိုယ့်ရဲ့ ခံစားချက်ပေါ်မူတည်ပြီးတော့ သတင်းမှားတွေ လွှင့်တာ၊ မဟုတ်မမှန်သတင်းတွေ ရှယ်တာ၊ အမုန်းစကားတွေ ပြောနေတာမျိုးတို့ ရပ်ဖို့လိုအပ်ပါတယ်။ အဲ့ဒီကိစ္စတွေကလည်း အကျိုးမရှိတဲ့အပြင်ကို စစ်ရှိန်ကို ပိုမိုပြီးတော့မှ မြင့်မာစေခဲ့တဲ့အတွက် ဝိုင်းဝန်းရှောင်ကြဉ်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ်ကပြောသည်။

ဇူလိုင် (၂၆) ရက်နေ့က ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်သူလူထု၏အကျိုးတို့ကို ရှေးရှုပြီး သက်ဆိုင်သူများသို့ အချက် (၄) ချက်ဖြင့် တိုက်တွန်းနိုးဆော်ထားသည်။

သျှမ်းတပ်ဖွဲ့နှစ်ဖွဲ့အကြား ဖြစ်ပွားနေသည့်တိုက်ပွဲများ ရပ်တန့်နိုင်ရေး အမြန်ဆုံး တွေ့ဆုံဆွေးနွေးကြရန်၊ ကိုဗစ်-၁၉ ကမ္ဘာကပ်ရောဂါအား လက်တွဲပူးပေါင်း တားဆီးကာကွယ်တိုက်ဖျက်ကြရန်။ ပြည်သူတို့၏ အကျိုးစီးပွား ထိခိုက်နစ်နာစေမည့် မည်သည့်လုပ်ဆောင်ချက်မျိုးကိုမဆို ရှောင်ကြဉ်ကြရန် SNLD ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

 
 

 

 

May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...