၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စစ်ကောင်စီပယ်ဖျက်သော်လည်း ရွေးကောက်ခံအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကို လူထုကိုယ်စားလှယ်များအဖြစ် လက်ခံထားကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ဆိုသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) သည် ၂၀၂၀ ရွေးကောက်ပွဲမှာ (၄၂) ဦး အနိုင်ရရှိခဲ့ပြီး မြန်မာတစ်ပြည်လုံးမှာ တတိယအများဆုံး အနိုင်ရရှိခဲ့သည့် ပါတီတစ်ခုဖြစ်သည်။
ဇူလိုင် (၂၆) ရက် ည (၈) နာရီအချိန်မှာ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်လိုက်ကြောင်း ကြေညာလိုက်သည်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်သည် ပြည်သူလူထု၏ လွတ်လပ်စွာ မဲပေးပိုင်ခွင့်အပေါ် အခြေခံပြီး ထွက်ပေါ်လာသည့်ရလဒ်ဟု ယူဆကြောင်း၊ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ မဲစာရင်းအမှားယွင်းတွေ ရှိပင်ရှိခဲ့ညားသော်လည်း အများစုသော မဲဆန္ဒများက လွတ်လပ်မျှတမှုအပေါ်မှာ မူတည်ပြီးလွတ်လပ်စွာ ရွေးချယ်တင်မြောက် မဲပေးခဲ့ကြကြောင်း SNLD ၏ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။
“အရွေးချယ်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လူထုက သူတို့ကို မှန်မှန်ကန်ကန် လွတ်လွတ်လပ်လပ် ရွေးချယ်တင်မြောက်ထားတာမလို့ သူတို့တွေရဲ့ ဖြစ်တည်မှု အနေအထားအရဆို လို့ရှိရင်လည်း သူတို့ရွေးချယ်တင်မြောက်တဲ့ လူထုရဲ့ ကိုယ်စားလှယ်အဖြစ်ပဲ ကျနော်တို့က ဆက်လက်ပြီးတော့ အသိအမှတ်ပြုသွားမှာဖြစ်ပါတယ်” ဟု စိုင်းလိတ်က ပြောသည်။
၂၀၂၀ နိုဝင်ဘာ (၈) ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲ ဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ နည်းဥပဒေများနှင့် ညီညွှတ်မှုမရှိသည့်အပြင် လွတ်လပ်ပြီး တရားမျှတမှုမရှိသည့်အတွက် ရွေးကောက်ပွဲဖြစ်ကြောင်း စစ်ဆေးတွေ့ရှိသည့်အတွက် ပယ်ဖျက်လိုက်တာဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ချက်မှာဖော်ပြထားသည်။
“ရွေးကောက်ပွဲကာလမှာ လူထုဆန္ဒအရ ထွက်ပေါ်လာတဲ့ မဲရလဒ်ကို လက်ခံပါ့မယ်၊ လေးစားအသိအမှတ်ပြုပါ့မယ် ပြောထွက်ထားပြီး နောက်ပိုင်းကျမှ ကဖျက်ယဖျက် လုပ်တာမျိုးက တရားမျှတတဲ့လုပ်ရပ်လို့ မယူဆပါဘူး၊ မတရားမှုကို ဘယ်သူကပဲလုပ်လုပ် ကျနော်တို့က လက်သင့်မခံပါဘူး” ဟု စိုင်းလိတ်က ပြောသည်။
မြို့နယ်အလိုက် မဲစာရင်းများ စစ်ဆေးတွေ့ရှိချက်အရ မဲမသမာမှု ဖြစ်ပွားမှုများ မှားယွင်းခဲ့သည့် တနိုင်ငံလုံး မဲဆနရှင်အရေအတွက် စုစုပေါင်း (၁၁ ၃၀၅ ၃၉၀) ဦးရှိတာတွေ့ရှိရကြောင်း၊ ဆနမဲ လက်မှတ်များကို မြေပြင်မှာ ဖွင့်ဖောက်စစ်ဆေးရာမှာ မဲရုံတိုင်းမှာ ဆနမဲ လက်မှတ်တွေ လျော့နည်း ပျောက်ဆုံးခြင်း၊ တရားမဝင် အပိုရှိနေတာကို တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။
၂၀၂၀ နိုဝင်ဘာ (၈) ရက်နေ့က ကျင်းပခဲ့သည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲမှာ တစ်သီးပုဂလ (၂၆၀) ဦး အပါအဝင် ပါတီပေါင်း (၈၇) ပါတီမှ ကိုယ်စားလှယ်လောင် (၅၆၃၉) ဦးတို့က မဲဆနနယ် စုစုပေါင်း (၁၁၁၇) နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးဟားလွှတ်တော်အမတ် ၂ နေရာ၊ ပြည်သူ့လွှတ်တော် ၁၃ နေရာ၊ ပြည်နယ်လွှတ်တော် ၂၈ နေရာ အသီးအသီး အနိုင်ရရှိထားပါသည်။
၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲသည် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲဖြစ်ကြောင်း ပြည်တွင်း/ပြည်ပ လေ့လာစောင့်ကြည့်အဖွဲ့တွေက ကြေညာထားပြီးဖြစ်သလို ရွေးကောက်ပွဲရလဒ်ကိုလည်း နိုင်ငံတကာက အသိအမှတ်ပြုထားပြီဖြစ်သည်။







