မြန်မာ-ဘင်္ဂလာနယ်စပ် ရခိုင်ဘက်အခြမ်းတွင် ကျေးရွာအများအပြား ရေနစ်မြုပ်၊ ဆက်သွယ်ရေးများ ပြတ်တောက်နေ

မြန်မာ-ဘင်္ဂလာနယ်စပ် ရခိုင်ဘက်အခြမ်းတွင် ကျေးရွာအများအပြား ရေနစ်မြုပ်၊ ဆက်သွယ်ရေးများ ပြတ်တောက်နေ

မြန်မာ-ဘင်္ဂလာနယ်စပ် မောင်တောမြို့နယ်မြောက်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံဖြစ်နေသဖြင့် အနည်းဆုံး ကျေးရွာ ၅ ရွာမှ အိမ်ခြေ ၃၀၀ ကျော်ခန့် ရေနစ်မြုပ်နေကြောင်း သတင်းရရှိသည်။

၎င်းပြင် ရွာပေါင်း ၃၀ ကျော် ဆက်သွယ်အသုံးပြုနေသည့် တံတား ၃ စင်းလည်း ရေစီးနှင့်အတူမျောပါသွားကြောင်း သစ်တုံးနားခွဆုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအထွန်းချေက နိရဉ္စရာသတင်းဌာနကို ယမန်နေ့ညနေပိုင်းက ပြောကြားသည်။

ရေကြီးမှုကြောင့် အန္တရာယ်ကျရောက်နိုင်သဖြင့် ကျေးရွာ ၅ ရွာမှ ရွာသားများကို မြေမြင့်နေရာရှိ ဘေးလွတ်ရာသို့ရွေ့ပြောင်းထားရသည်ဟု ဆိုသည်။

သစ်တုံးနားခွဆုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအထွန်းချေက “ကျွန်တော်တို့ရွာက အိမ်ခြေ ၁၈၁ အိမ်လောက်ကတော့ ရေကြီးတဲ့အထဲပါသွားပြီ။ အပျက်အစီးကိုတော့ လိုက်ပြီးစာရင်းကောက်ဖို့ အခက်အခဲတွေရှိနေသေးတော့ သေချာမသိသေးဘူး။ ရေတက်နေတာကတော့ ၅ ပေကျော်ရှိမယ်။  ကျွန်တော်တို့ကို အစိုးရကဆောက်ပေးထားတဲ့ မြေညီအိမ်ထဲတွေကိုတောင် ဝင်လို့မရတော့ဘူး။ အခု ဝါးဖောင်လှေတွေ အသုံးပြုပြီးသွားနေရတယ်” ဟု ပြောသည်။

လောလောဆယ်တွင် စာရေးသောက်ရေး အခက်အခဲမရှိသေးကြောင်း၊ ရေကြီးသည့်အထဲတွင် ပါမသွားသည့်နေအိမ်များမှ ရိက္ခာများဖြင့် အသုံးပြုစားသောက်နေရသည်ဟု ဆိုသည်။

“လောလောဆယ်မှာ ရေကြီးတဲ့အထဲ မပါသေးတဲ့ အိမ်အလုံး ၂၀ လောက်ရှိသေးတယ်။ အဲဒီအိမ်တွေမှာရော၊ ဘုန်းကြီးကျောင်းတွေမှာပါ စုပေါင်းဝေမျှပြီး စားနေကြရတယ်။ ဘုန်းကြီးကျောင်းမှာ ရွေ့ပြောင်းပြီး နေကြရတယ်။ ရွာမှာတော့ လူဦးရေက ၁၂၁၄ ဦးရှိတယ်။ လောလောဆယ် အဆင်ပြေနေသေးပေမဲ့ စုဆောင်းထားတဲ့ဆန်ကအစ စားနပ်ရိက္ခာတွေအကုန် ရေထဲပါသွားတော့ နောက်တစ်ရက်နှစ်ရက်ဆိုရင် စားရသောက်ရ အခက်အခဲရှိလာနိုင်တယ်။ နောက်ပြီး တံတား ၃ စင်းလည်း ရေကြီးတဲ့အထဲပါသွားပြီ လုံးဝတောင်မမြင်ရတဲ့အခြေအနေမှာရှိတယ်” ဟု ပြောသည်။

ရေကြီးမှုမှာ ယင်းနေ့ (ဇူလိုင် ၂၇ ရက်) နေ့လယ်ကထက် ညနေပိုင်းတွင် ပိုမြင့်တက်လာကြောင်း၊ မိုးအဆက်မပြတ်ရွာသွန်းပြီး  တောင်ကျရေများလည်း ဒလဟောစီးဆင်းလာနေသဖြင့် ယခုထက်ပိုပြီး ရေကြီးလာနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

ညနေပိုင်းတွင် မီးတိုက်ကျေးရွာမှ အိမ်ခြေ ၄၀ ထပ်မံ၍ ရေမြုပ်သွားသဖြင့် မယူဒေသ သံဃာ့သမဂ္ဂအသင်းက ကူညီကယ်ဆယ်ပေးရန် ပြင်ဆင်နေကြောင်း မောင်တော ၆ မိုင်ဆရာတော်က မိန့်ကြားခဲ့သည်။

“အခု ညနေပိုင်းမှာဘဲ မီးတိုက်ကျေးရွာမှာ အိမ်ခြေ ၄၀ ရေကြီးတဲ့အထဲ ပါသွားပြန်ပြီ။ လူ အသေအပျောက်ကတော့ မရှိဘူး။ ဘုန်းကြီးကျောင်းမှာ နေရာပြောင်းရွေ့ထားတာ မြန်သွားလို့ပေါ့နော်။ လောလောဆယ်မှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေက ကူညီထောက်ပံ့ပေးတာတွေ မရှိသေးဘူး။ ဒါပေမဲ့ မယူဒေသ သံဃာ့သမဂ္ဂအဖွဲ့ကတော့ ကူညီကယ်ဆယ်ပေးသွားဖို့ စီစဉ်နေကြတယ်” ဟု ဆရာတော်က မိန့်ကြားသည်။

ရေကြီးသည့်အထဲတွင် မျှောပါသွားသည့် တံတား ၃ စင်းမှာ တမန်းသားတံတား၊ လက်ယာချောင်းတံတား၊ ဘောက်ရွာတံတားတို့ဖြစ်ပြီး တမန်းသားတံတားသည် ယင်းအနီးအနားရှိ ကျေးရွာပေါင်း ၃၀ ကျော် ဆက်သွယ်သွားလာနေသည့် တံတားဖြစ်ကြောင်းလည်း သိရသည်။

ဇူလိုင် နောက်ဆုံးအပတ်တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းနေသဖြင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင်လည်း ရေကြီးနေပြီး ရခိုင်ပြည်နယ်မှ သံတွဲ၊ ဂွ၊ တောင်ကုတ်မြို့နယ်များတွင်လည်း ရေကြီးမှုနှင့် ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။

 
 

 

 

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...